နယူးယောက်

December 15, 2020

နယူးယောက်တွင် အထူးကြပ်မတ်ဆောင်သူနာပြု ၁ ဦး ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမဆုံး ထိုးနှံခံ

နယူးယောက်မြို့က အထူးကြပ်မတ်ကုသဆောင်သူနာပြုတစ်ဦးဟာ ဒီဇင်ဘာ ၁၄ ရက်က  ဖိုင်ဇာကုမ္ပဏီထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ပထမဆုံး ထိုးနှံခဲ့ပါတယ်။  လောင်းအိုင်လန်ဂျူးဆေးရုံမှာ ဆန်ဒရာလင်ဆေး ဆိုသူ ICU သူနာပြုကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခဲ့ပြီး အွန်လိုင်းက တိုက်ရိုက်လွှင့်တဲ့ ကာကွယ်ဆေးထိုးနှံမှုကို နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူးက ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။  ကိုဗစ်ကာကွယ်ဆေးထိုးနှံခံသူ လင်ဆေးက “ဒီကာကွယ်ဆေးထိုးနှံတာက သမိုင်းမှာ သိပ်ကို ထိခိုက်နာကျင်ရတဲ့ကာလ အဆုံးသတ်မယ့်  နိဒါန်းပဲ။ ဒီကာကွယ်ဆေး ဘေးကင်းတယ်ဆိုတာကို အများပြည်သူတွေကို ယုံကြည်စေလိုတယ်” လို့ ပြောပါတယ်။ ဒီဇင်ဘာ ၁၃ ရက်ကစလို့ ပထမဆုံးအသုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး ၂ ဒသမ ၉ သန်းကို အမေရိကန် နိုင်ငံတဝန်းက ဖြန့်ချိရေးစင်တာတွေဆီ စတင်ပို့ဆောင်ပေးနေပါတယ်။ ဒါဟာ အမေရိကန်မှာ ပထမဆုံး ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို မှတ်တမ်းတင်ပြီး ၁၁ လ အကြာမှာ ဖြစ်လာတာပါ။  ဒီဇင်ဘာလ ၁၄ ရက်အထိ အမေရိကန်မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၁၆ သန်းကျော်နဲ့ သေဆုံးသူ  ၃ သိန်းနီးပါး ရှိလာတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
5 months Ago

December 14, 2020

နယူးယောက် ခရစ်ယာန်ဘုရားကျောင်းတွင် သေနတ်ဖြင့် ပစ်ခတ်သူကို ရဲတပ်ဖွဲ့ ဖမ်းဆီး 

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့က စိန့်ဂျွန်ခရစ်ယာန်ဘုရားကျောင်း လှေကားက လေဟာပြင် ဓမ္မတေး သီကျူးတဲ့နေရာကို သေနတ်သမား တယောက်က ဒီဇင်ဘာ ၁၃ ရက်မှာ ပစ်ခတ်ခဲ့ပါတယ်။ အဲဒီနောက် သေနတ်သမားဟာ သူ့ကိုယ်သူလည်း ပစ်ခတ်ခဲ့သလို ရဲတွေရဲ့ ပစ်ခတ်မှုကြောင့် ဒဏ်ရာရခဲ့တယ်လို့ ရဲနဲ့ အခင်းဖြစ်ရာကို ရောက်နေတဲ့ ရိုက်တာသတင်းဌာနက ဓာတ်ပုံသတင်းထောက်တို့က ပြောပါတယ်။ သေနတ်သမားဟာ ရဲတွေကိုလည်း တုံ့ပြန်ပစ်ခတ်ခဲ့ပေမယ့် ရဲတွေရော အနားမှာ ရှိနေတဲ့ လူတွေပါ ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ နယူးယောက် ရဲဌာနပြောခွင့်ရက ပြောပါတယ်။ သေနတ်သမား ဘယ်သူဘယ်ဝါဆိုတာ ထုတ်ဖော်ကြေညာတာ မရှိသေးပါဘူး။ သူ့ကိုတော့ အသည်းအသန် အခြေအနေနဲ့ ဆေးရုံတင်ထားတယ်လို့ ရဲက ပြောပါတယ်။ သေနတ်သမားဟာ သူ့အား ပစ်သတ်ဖို့ ရဲကို ထပ်ခါတလဲလဲ စိန်ခေါ် ပြောဆိုခဲ့တယ်လို့ မျက်မြင်သက်သေ ဂျုဒီဂိုးလ်ဒ်က ပြောပါတယ်။ ခရစ်ယာန် ဓမ္မတေး သီကျူးဖျော်ဖြေပွဲကို လူ ၂၀၀ ကျော် စုဝေးရောက်ရှိလာအပြီး ၁၅ မိနစ်လောက်အကြာမှာ သေနတ်သမားက ပစ်ခတ်ခဲ့တာလို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
5 months Ago
More News
Up