နယူးဇီလန်နိုင်ငံဟာ လူငယ်တွေကို ဆေးရွက်ကြီးထွက်ကုန်တွေ ဝယ်ယူခြင်းကနေ တားမြစ်တဲ့ ဆေးလိပ်သောက်ခြင်းဆန့်ကျင်ရေး ဥပဒေအသစ်ကို ဒီဇင်ဘာ ၁၃ ရက်က အတည်ပြုပြဋ္ဌာန်းလိုက်ပါတယ်။
ဒီအဆိုကို ထောက်ခံမဲ ၇၆ မဲ၊ ကန့်ကွက်မဲ ၄၃ မဲနဲ့ လွှတ်တော်မှာ သဘောတူညီခဲ့ကြောင်း လွှတ်တော်ဥက္ကဋ္ဌ ယက်ကီဒီးန်က ကြေညာသွားပါတယ်။
အဲဒီဥပဒေသစ်ဟာ ကမ္ဘာပေါ်မှာ အပြင်းထန်ဆုံးဖြစ်ပြီး ၂၀၀၉ ခုနှစ် ဇန်နဝါရီ ၁ ရက်နဲ့ အဲဒီရက်နောက်ပိုင်း မွေးဖွားသူတိုင်းကို ဆေးလိပ်ရောင်းချတာ တားမြစ်တာလည်း ပါဝင်ပြီး ဒဏ်ငွေအားဖြင့် နယူးဇီလန်ဒေါ်လာ ၁ သိန်းခွဲအထိ ပြစ်ဒဏ်ချမှတ်နိုင်ပါတယ်။
ဒီဥပဒေဟာ ဆေးလိပ်သောက်တဲ့ ဆေးလိပ်ထွက်ပစ္စည်းတွေမှာ ခွင့်ပြုထားတဲ့ နီကိုတင်းပမာဏကိုလည်း လျှော့ချမှာဖြစ်ပြီး ၂၀၂၃ နှစ်ကုန်ပိုင်းမှာ ဆေးရွက်ကြီး ရောင်းချနိုင်တဲ့ လက်လီရောင်းချသူ အရေအတွက်ကို ၆,၀၀၀ ကနေ ၆၀၀ အထိ ၉၀ ရာခိုင်နှုန်း လျှော့ချသွားမှာဖြစ်ပါတယ်။
ဒီဥပဒေမူကြမ်းဟာ မျိုးဆက်သစ်ပြောင်းလဲမှုကို ဖန်တီးပေးမှာဖြစ်ပြီး လူငယ်တွေအတွက် ပိုကောင်းမွန်တဲ့ ကျန်းမာရေးအမွေကို ချန်ထားခဲ့မှာဖြစ်တယ်လို့ တွဲဘက်ကျန်းမာရေးဝန်ကြီး ဒေါက်တာ အိုင်ရှာ ဗာရောလ်က ပြောပါတယ်။
ဒါဟာ ဆေးရုံတက်ကုသရခြင်းကို လျှော့ချမှာဖြစ်ပြီးတော့ ဆေးလိပ်သောက်တာနဲ့ ဆက်စပ်တဲ့ ရောဂါတွေရဲ့ ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ရဲ့ နိုင်ငံပေါင်း ၃၈ နိုင်ငံထဲမှာ အရွယ်ရောက်ပြီးသူ ဆေးလိပ်သောက်နှုန်း အနိမ့်ဆုံးနိုင်ငံအဖြစ် ကြွားဝါနေနိုင်ပြီဖြစ်တဲ့ နယူးဇီလန်နိုင်ငံဟာ ၂၀၂၅ ခုနှစ်မှာ တိုင်းပြည်ကို ဆေးလိပ်ကင်းစင်စေဖို့ အစိုးရရဲ့ တွန်းအားပေးမှု တစိတ်တပိုင်းအနေနဲ့ ဆေးလိပ်သောက်ခြင်းဆန့်ကျင်ရေး ဥပဒေတွေကို ပိုမိုတင်းကျပ်လာတာ ဖြစ်ပါတယ်။