အိုင်အက်စ်စစ်သွေးကြွတွေနဲ့ ပူးပေါင်းအပြီး ဆီးရီးယားမှာ အဖမ်းခံရတဲ့ နယူးဇီလန် အမျိုးသားကို နိုင်ငံသားအဖြစ်ကနေ ရုပ်သိမ်းမှာမဟုတ်ပေမယ့် အမိမြေကို ပြန်လာရင် ရာဇဝတ်မှုနဲ့ တရားစွဲခံရနိုင်တယ်လို့ နယူးဇီလန်ဝန်ကြီးချုပ် ဂျာစင်ဒါ အာဒန်က မတ်လ ၄ ရက်မှာ ပြောလိုက်ပါတယ်။
အနောက်ဥရောပကို ဖျက်ဆီးဖို့ သစ္စာဆိုထားတဲ့ အစွန်းရောက် ဘာသာရေးစစ်ဝါဒီ အုပ်စုဝင်ဟောင်းတွေကို ကိုင်တွယ်ဖြေရှင်းဖို့ တရားရေးနဲ့ လုံခြုံရေး စိန်ခေါ်ချက်တွေကို နယူးဇီလန်၊ သြစတြေးလျ၊ ဗြိတိန်နဲ့ အမေရိကန်နိုင်ငံတွေ ရင်ဆိုင်နေရပါတယ်။
၂၀၁၄ ခုနှစ်က ဆီးရီးယားကိုသွားခဲ့တဲ့ မတ်ခ် တေလာက တကယ်လို့ နယူးဇီလန်ကို ပြန်လာခဲ့ရင် ထောင်ဒဏ်ရင်ဆိုင်ဖို့ မျှော်လင့်ထားတယ်လို့ ကာဒစ်ရှ် တိုင်းရင်းသားတွေ ထိန်းချုပ်ထားတဲ့ ထောင်ထဲကနေ သြစတြေးလျမီဒီယာ ABC သတင်းဌာနကို ပြောခဲ့ပါတယ်။
နယူးဇီလန်ဝန်ကြီးချုပ်ကလည်း တေလာ ပြန်လာမယ်ဆိုရင် လိုအပ်မယ့် ခရီးသွား အထောက်အထား စာရွက်စာတမ်းတွေကို သူ့အစိုးရက ပံ့ပိုးမယ်လို့ ပြောပါတယ်။
နယူးဇီလန်နိုင်ငံသား နည်းနည်းသာ အိုင်အက်စ်တွေနဲ့ ပူးပေါင်းခဲ့တယ်လို့ အရာရှိတွေက ဖော်ထုတ်သိရှိထားတဲ့အကြောင်း အာဒန်က ပြောပါတယ်။ ဒါပေမယ့် အရေအတွက် အတိအကျကိုတော့ မပြောခဲ့ပါဘူး။
တေလာ ပြန်လာနိုင်ဖို့ အရေးပေါ် ခရီးသွားမှုဆိုင်ရာ စာရွက်စာတမ်းတွေ လက်ခံရရှိရေးအတွက် နယူးဇီလန်နဲ့ သံတမန်ဆက်ဆံရေးရှိတဲ့ တူရကီလို နိုင်ငံမျိုးဆီ သွားဖို့ လိုလိမ့်မယ်လို့ အရာရှိတွေက ပြောပါတယ်။
ဒါပေမယ့် တေလာဟာ လောလောဆယ် ဖမ်းဆီးထိန်းသိမ်းခံထားရလို့ သွားဖို့ခက်ခဲမယ်လို့ ဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။
2 years Ago