နယူးဇီလန်ဝန်ကြီးချုပ်ဟောင်း ကုလ အထွေထွေအတွင်းရေးမှူးချုပ်ရာထူး အရွေးခံမည်

April 5, 2016

နယူးဇီလန်ဝန်ကြီးချုပ်ဟောင်း ကုလ အထွေထွေအတွင်းရေးမှူးချုပ်ရာထူး အရွေးခံမည်

နယူးဇီလန်ဝန်ကြီးချုပ်ဟောင်း ဟဲလန်ကလဒ် (Helen Clark) က လာမယ့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ရာထူးအတွက် ၀င်ရောက်အရွေးခံမယ်လို့ ဧပြီ ၄ ရက်နေ့က ကြေညာပါတယ်။ ဟဲလန်ကလဒ်ဟာ လက်ရှိလည်း ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်တခုကို ဦးဆောင်နေပြီး သူ့ရဲ့ ဘက်စုံအတွေ့အကြုံတွေက အတွင်းရေးမှူးချုပ် တာဝန်ကို ထမ်းဆောင်နိုင်မယ်လို့ ယုံကြည်ကြောင်း ပြောဆိုပါတယ်။ လက်ရှိ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ပြုပြင်ပြောင်းလဲဖို့ ဆန္ဒရှိပြီး ဂျာမနီ၊ ဂျပန်၊ အိန္ဒိယနဲ့ ဘရာဇီးနိုင်ငံတို့လည်း လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ဖြစ်စေချင်တယ်လို့ ပြောဆိုပါတယ်။ လက်ရှိ ၂၁ ရာစု ကမ္ဘာ့အခင်းအကျင်းနဲ့အညီ အာဖရိကနိုင်ငံ ၂ နိုင်ငံလည်း လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်တွေ ဖြစ်လာနိုင်ပြီး ခေတ်သစ် ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးပြဿနာတွေကို ရင်ဆိုင်နိုင်ဖို့ ကုလသမဂ္ဂမှာ နည်းနာသစ်တွေ လိုအပ်နေပြီလို့လည်း ကလဒ်က ပြောဆိုပါတယ်။ ကိုလံဘီယာနိုင်ငံက ဦးဆောင်ပြီး အဖွဲ့ဝင်နိုင်ငံ အနည်းဆုံး ၅၀ ကျော်က အမျိုးသမီး အတွင်းရေးမှူးချုပ်တဦး လိုလားကြတယ်လို့ ဆိုပါတယ်။ လက်ရှိအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကတော့ လာမယ့် ဒီဇင်ဘာလမှာ ၅ နှစ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ ကလဒ်နဲ့အတူ ပထမဆုံး အမျိုးသမီး အတွင်းရေးမှူးချုပ် ရာထူးအတွက် ၀င်ရောက်အရွေးခံမယ့် အမျိုးသမီး ကိုယ်စားလှယ်လောင်း ၃ ဦးရှိပြီး အမျိုးသား ၄ ဦးလည်း ၀င်ရောက်ယှဉ်ပြိုင်ဖို့ ရှိပါတယ်။ လက်ရှိအချိန်အထိ အတွင်းရေးမှူးချုပ် ၉ ဦးမှာ အားလုံး အမျိုးသားတွေချည်း ဖြစ်ကြပါတယ်။
6 years Ago
Up