နယူးဇီလန်တွင် ပြင်းအား ၇ ဒသမ ၈ ရှိ ငလျင်လှုပ်ပြီး ဆူနာမီလှိုင်းများ ဖြစ်ပေါ်

November 14, 2016

နယူးဇီလန်တွင် ပြင်းအား ၇ ဒသမ ၈ ရှိ ငလျင်လှုပ်ပြီး ဆူနာမီလှိုင်းများ ဖြစ်ပေါ် (ဓာတ်ပုံ)

နယူးဇီလန်နိုင်ငံ အလယ်ပိုင်းမှာ ပြင်းအား ၇ ဒသမ ၈ ရှိတဲ့ငလျင် လှုပ်ခတ်ခဲ့ပြီး အရှေ့မြောက်ကမ်းရိုးတန်းဒေသမှာ ဧရာမ ဆူနာမီလှိုင်းတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ အနည်းဆုံး လူ ၂ ဦး သေဆုံးပြီး တချို့ဒေသတွေမှာ တယ်လီဖုန်းလိုင်းတွေ၊ လျှပ်စစ်မီးတွေ ပြတ်တောက်နေသလို တချို့လမ်းပိုင်းတွေကိုလည်း ပိတ်ခဲ့ရပါတယ်။ နယူးဇီလန် သဘာဝကပ်ဘေး ကယ်ဆယ်ရေးအဖွဲ့က ဆူနာမီလှိုင်းတွေ အရှေ့ဘက် ကမ်းရိုးတန်းတလျှောက်လုံးမှာ ဖြစ်ပေါ်နိုင်တယ်လို့ သတိပေးချက် ထုတ်ပြန်ထားပြီး အနိမ့်ပိုင်းမှာ နေထိုင်ကြတဲ့ ပြည်သူတွေကိုလည်း အမြင့်ပိုင်းကို ပြောင်းရွှေ့ဖို့ နှိုးဆော်ထားပါတယ်။ ငလျင်ဌာနရဲ့ တိုင်းတာချက်အရ တောင်ပိုင်းကျွန်းရဲ့ မြောက်ကန်တာဘူရီဒေသမှာ ရေလှိုင်းအမြင့် ၃ မီတာလောက်အထိ ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။ ငလျင်ဟာ တောင်ပိုင်းကျွန်းရဲ့  အကြီးဆုံးမြို့ဖြစ်တဲ့ ခရစ်ချက်စ်မြို့ကနေ ၅၇ မိုင်အကွာကို ဗဟိုပြုခဲ့တာပါ။ အဲဒီဒေသမှာ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလက ၆ ဒသမ ၃ ပြင်းအားရှိတဲ့ ငလျင်လှုပ်ခဲ့ပြီး လူ ၁၆၅ ဦး သေဆုံးခဲ့ဖူးပါတယ်။ ဓာတ်ပုံ - AP, Getty Images  
5 years Ago
Up