နယူးကာဆယ်အသင်း

September 8, 2020

ဘုန်းမောက်တိုက်စစ်မှူး ဝီလ်ဆင်ကို နယူးကာဆယ်အသင်း ခေါ်ယူ

နယူးကာဆယ်အသင်းဟာ ဘုန်းမောက်အသင်းရဲ့ အင်္ဂလန်တိုက်စစ်မှူး ကယ်လန်ဝီလ်ဆင်ကို စတာလင်ပေါင် သန်း ၂၀ နဲ့ ၄ နှစ်စာချုပ် ချုပ်ဆိုလိုက်ပါတယ်။ အသက် ၂၈ နှစ်အရွယ် တိုက်စစ်မှူးဟာ နိုင်ငံအသင်းအတွက် ၄ ပွဲ ကစားခွင့်ရသူ ဖြစ်ပါတယ်။ သူဟာ ဘုန်းမောက်အသင်းအတွက် စုစုပေါင်း ၁၈၇ ပွဲ ကစားပေးထားပြီး ၆၇ ဂိုး သွင်းယူထားနိုင်သူ ဖြစ်ပါတယ်။ ဝီလ်ဆင်ကို အက်စတွန်ဗီလာအသင်းကလည်း ခေါ်ယူဖို့ကြိုးစားခဲ့တာဖြစ်ပြီး ပေါင် ၂၁ သန်းနဲ့ ကမ်းလှမ်းခဲ့ပါသေးတယ်။ ဒါပေမဲ့ ကစားသမားကိုယ်တိုင်က နယူးကာဆယ်အသင်းကိုပဲ ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့တာပါ။ ဝီလ်ဆင်ဟာ စတိဗ်ရဲ့ ဒီနွေရာသီ ၃ ဦးမြောက် ကစားသမား ခေါ်ယူမှု ဖြစ်လာပါတယ်။ သူ့မတိုင်ခင် ကွင်းလယ်လူ ဂျက်ဖ်ဟန်းဒရစ်၊ ဂိုးသမား မက်ခ်ဂီလက်ပီတို့ကိုလည်း ခေါ်ယူအားဖြည့်ခဲ့ပြီး ဖြစ်ပါတယ်။  တိုက်စစ်မှူး ဝီလ်ဆင်က “နယူးကာဆယ်အသင်းက ကျနော့်ကို စိတ်ဝင်စားနေတယ်လို့ စသိ ကတည်းက ဒါဟာ ကျနော့်ကို လုံးဝ ဆွဲဆောင်နိုင်ခဲ့ပါတယ်။ နယူးကာဆယ်ဟာ အစဉ်အလာကြီးမားတဲ့ အသင်းကောင်းတသင်းပါ။ သမိုင်းကြောင်းတလျှောက်မှာလည်း ဒီအသင်းမှာ ဒိတ်ဒိတ်ကြဲ တိုက်စစ်မှူးတွေ ရှိခဲ့ပါတယ်။ အဲဒီ တိုက်စစ်မှူးတွေလိုမျိုး အောင်မြင်မှုရရှိအောင် ကြိုးစားသွားချင်ပါတယ်” လို့ အသင်းရဲ့ဝဘ်ဆိုဒ်မှာ ပြောပါတယ်။  နယူးကာဆယ်အသင်း မန်နေဂျာ စတိဗ်ဘရုစ်ဟာ နော့ဝှစ်ချ်အသင်းရဲ့ ဘယ်နောက်ခံလူ ဂျာမယ်လူးဝစ္စ၊ ဘုန်းမောက်အသင်းရဲ့ တိုက်စစ်ကစားသမား ရိုင်ရယ်ဖရေဇာတို့ကိုလည်း ခေါ်ယူဖို့ ကြိုးစားနေပြီး ဝီလ်ဆင်ကို ခေါ်ယူနိုင်ခဲ့ခြင်းအတွက် ဝမ်းမြောက်မိတယ်လို့ ပြောပါတယ်။  ဝီလ်ဆင်ဟာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ၁ ဂိုး သွင်းယူပေးထားနိုင်ခဲ့ပါတယ်။ သူ့ရဲ့  နိုင်ငံအသင်းအတွက် ပထမဆုံး ပွဲထွက်ခွင့်ရရှိတဲ့ ၂၀၁၈ ခုနှစ် နိုဝင်ဘာက အမေရိကန်အသင်းနဲ့ ပွဲစဉ်မှာ သွင်းယူခဲ့တာဖြစ်ပြီး လက်ရွေးစင်အသင်းအတွက် နောက်ဆုံးပွဲစဉ်ကိုတော့ ဘူဂေးလ်ရီးယားအသင်းနဲ့ ၂၀၁၉ အောက်တိုဘာလပွဲစဉ်မှာ ကစားခွင့်ရရှိထားသူ ဖြစ်ပါတယ်။ ဝီလ်ဆင်ဟာ တန်းဆင်းသွားတဲ့ ဘုန်းမောက်အသင်းရဲ့ အဓိက ကစားသမား ထွက်ခွာမှုတွေထဲက တစ်ခုဖြစ်ပြီး သူ့မတိုင်ခင် နောက်ခံလူ နာသန်အကီဟာ မန်စီးတီးအသင်းကို ပြောင်းရွှေ့ခဲ့ကာ ဂိုးသမား အာရွန်ရမ်းစ်ဒါလီကလည်း ရှက်ဖီးလ်အသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။
7 months Ago

April 15, 2020

နယူးကာဆယ်အသင်းကို အပြီးသတ် ရောင်းချရန် ဆွေးနွေး

နယူးကာဆယ်အသင်းဟာ အသင်းကို ပေါင်သန်း ၃၀၀ နဲ့ အပြီးသတ် ရောင်းချဖို့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီလို့ သိရပါတယ်။  နယူးကာဆယ်အသင်းပိုင်ရှင် မိုက်အက်ရှ်လေဟာ ပြီးခဲ့တဲ့ရာသီကတည်းက နည်းပြ ဘင်နီတက်ဇ်ကို ရာထူးကနေ ဖယ်ရှားခဲ့တဲ့အတွက် ပရိသတ်တွေရဲ့ ငြိုငြင်ခံခဲ့ရပါတယ်။ လက်ရှိအချိန်မှာ အသင်းရောင်းချဖို့ကိစ္စကို ဗြိတိန် စီပွားရေးလုပ်ငန်းရှင်အမျိုးသမီးတဦးဖြစ်သူ အမန်ဒါစတေဗယ်လီရဲ့ PCP Capital Partners နဲ့ ဆွေးနွေးနေတာပါ။ PCP ဟာ ဆော်ဒီအာရေဗျ ပြည်သူ့ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ PIF က ကျောထောက်နောက်ခံ ပြုထားတဲ့ကုမ္ပဏီ ဖြစ်ပါတယ်။ လုပ်ငန်းရှင် စတေဗယ်လီဟာ ၂၀၀၇ ခုနှစ်ကတည်းက ကာဆယ်အသင်းကို ဝယ်ယူဖို့ ကမ်းလှမ်းဖူးတယ်လို့ သိရပါတယ်။
12 months Ago
Up