နမ္မတူမြို့နယ်တွင် ရွာသား ၁၁ ဦးကို တအာင်းတပ်ဖွဲ့ ဖမ်းခေါ်သွား

November 23, 2016

နမ္မတူမြို့နယ်တွင် ရွာသား ၁၁ ဦးကို တအာင်းတပ်ဖွဲ့ ဖမ်းခေါ်သွား

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် နမ္မတူမြို့နယ်ထဲမှာ တီအန်အယ်လ်အေ တအာင်းတပ်ဖွဲ့က ရွာသား ၁၁ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ရပ်မိရပ်ဖတွေက ပြောပါတယ်။ နမ္မတူမြို့နယ် မိုင်းတတ်ကျေးရွာအုပ်စု မိုင်းတတ်နဲ့ နားနောင်ရွာသားတွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်နေ့က တောင်ယာထဲမှာ ပြောင်းဖူးတွေချိုးနေရင်း တီအန်အယ်လ်အေ တပ်ဖွဲ့ဝင်တွေ လာရောက်ဖမ်းခေါ်သွားတာလို့ နမ္မတူမြို့နယ် ထောက်ကူပြုအဖွဲ့ ဒုဥက္ကဌ ဦးစိုင်းဘဉာဏ်က ပြောပါတယ်။ “၂၀ ရက်နေ့က ရွာသားတွေ ပြောင်းဖူးချိုးနေတုန်း ပလောင်တပ်ဖွဲ့က ဖမ်းခေါ်သွားတယ်လို့ ကျနော်တို့ဆီ လာတိုင်ထားပါတယ်။ နားနောင်ရွာက ၄ ယောက်၊ မိုင်းတတ်က ၅ ယောက်၊ စစ်ဘေးရှောင်က ၂ ယောက်၊ အားလုံး ၁၁ ယောက်ပါ၊ အသက်က ၂၀ နဲ့ ၅၀ ကြားအရွယ်တွေ၊ အာရ်စီအက်စ်အက်စ်ရဲ့ သတင်းပေးလို့ စွပ်စွဲပြီး မန်တုံဘက်ကို ခေါ်သွားတယ်လို့ ပြောတယ်။ ကျနော်တို့လည်း နမ္မတူက ပလောင်အမျိုးသားပါတီဆီ အကူအညီတောင်းထားတယ်။ သူတို့က တကယ့်ရွာသားတွေ၊ ဘယ်လက်နက်ကိုင်အဖွဲ့နဲ့မှ ပတ်သက်မှုမရှိဘူးဆိုပြီး သူတို့မှတ်ပုံတင်တွေနဲ့ တင်ပြထားတယ်၊ ပြန်လွှတ်ပေးဖို့ပေါ့။” ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသူတွေထဲက စစ်ဘေးရှောင်ရွာသား ၂ ဦးဟာ မိုင်းယုတ်ကျေးရွာအုပ်စုကဖြစ်ပြီး လွန်ခဲ့တဲ့ ၄ လလောက်က သူတို့ရွာနားမှာ တိုက်ပွဲဖြစ်လို့  မိုင်းတတ်ဘုန်းကြီးကျောင်းမှာ လာခိုလှုံနေသူတွေဖြစ်တယ်လို့ ဆိုပါတယ်။ ရွာသားတွေ အဖမ်းခံရတာနဲ့ပတ်သက်ပြီး တီအန်အယ်လ်အေဘက်ကိုရော နမ္မတူ ပလောင်အမျိုးသားပါတီဘက်ကိုပါ ဒီဗွီဘီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။
6 years Ago
Up