နမ်ဆန်ယန်ရွှေမှော်ရွာ

May 16, 2021

စစ်မက်ကင်းစင်ပေးရန် နမ်ဆန်ယန်ရွှေမှော်ရွာထိပ်ဆိုင်းဘုတ်၌ ဒေသခံများ မေတ္တာရပ်ခံစာကပ်

တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာတဲ့ ကချင်ပြည်နယ်  ဗန်းမော်ခရိုင်ထဲက နမ်ဆန်ယန် ရွှေမှော်ရွာထိပ်ဆိုင်းဘုတ်နားမှာ ‘အခြေပြုခါစ ပြည်သူလူထုအတွက် စစ်မက် ကင်းစင်ပေး ကြပါ’ ဆိုပြီး မေတ္တာရပ်ခံ ပန်ကြားစာကို ဒေသခံတွေက ကပ်ထားပါတယ်။

အိမ်ခြေ ၅၀၀ လောက်ရှိတဲ့ အဲဒီရွာဟာ ၂၀၁၁ ခုနှစ်လယ်ပိုင်းက ကချင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ ကေအိုင်အေနဲ့တပ်မတော်ရဲ့တိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ ဝိုင်းမော်၊ မြစ်ကြီးနားနဲ့ ဒေသအသီးသီးက စစ်ရှောင်စခန်းတွေဆီ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာပါ။

တိုက်ပွဲတွေ နည်းပါးသွားတဲ့နောက် ၂၀၂၀ ပြည့်နှစ်မှာ  ပြန်လည်အခြေချနေထိုင်ခဲ့ကြပြီး စိုက်ပျိုးရေးလုပ်ငန်း၊ စျေးဆိုင်တွေနဲ့ ပြန်လည်စည်ကားလာတဲ့အပြင် အခုဆို အထက်တန်း ကျောင်း၊ ကျန်းမာရေးဌာန၊ စေတီတော်တွေနဲ့ ဘုန်းတော်ကြီးကျောင်းတွေ၊ RC နဲ့ KBC ဘုရားကျောင်းတွေလည်း ရှိနေပါပြီ။ 

အခုအခါ  အာဏာသိမ်းစစ်ကောင်စီက ပြည်နယ်အနှံ့ တိုက်ပွဲတွေ ဖော်ဆောင်နေတာ ကြောင့် စည်ကားစ အခြေအနေ ပြန်လည်ပျက်စီးသွားမှာကို ဒေသခံတွေက စိုးရိမ်ကြလို့ အခုလို မေတ္တာရပ်ခံစာကို ရွာထိပ်မှာ ကပ်ထားတာပါ။

 အခုလက်တလောမှာ မြစ်ကြီးနား- ဗန်းမော်လမ်းမကြီးက လချီတိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ မြို့သစ် စီဟက်လမ်းတလျှောက်မှာ စစ်ကောင်စီဝင်တွေက စလောင်းကုန်းစခန်းကို ပြန်လည်သိမ်း ပိုက်ထားခဲ့ပြီး ကားသမားတွေ၊ ဆိုင်ကယ်သမားတွေကိုလည်း ပစ္စည်းတွေ၊ ဖုန်းတွေ စစ်ဆေးတာ တွေကို နေရာ ၃ နေရာခန့်ခွဲပြီး လုပ်ဆောင်နေပါတယ်။

ဒေသခံတချို့ မိမိတို့ အိမ်တွေဆီကို ပြန်လည်လာရောက်နေကြကာ အိမ်တွေ ပြုပြင်၊ စပါးစိုက်တာတွေ ပြုလုပ်နေကြပြီလို့ ဒေသခံတွေဆီက သိရပါတယ်။

7 months Ago
Up