နမ့်ခမ်းတွင် တိုက်ပွဲကြောင့်

May 3, 2017

နမ့်ခမ်းတွင် တိုက်ပွဲကြောင့် ဒေသခံ ၃ ဦး ထပ်မံဒဏ်ရာရရှိ

ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ကောင်းခေးကျေးရွာနဲ့ ပန်စံကျေးရွာကြားမှာ မြန်မာ့တပ်မတော်နဲ့ တအာင်းအဖွဲ့ တိုက်ပွဲကြောင့် ထွက်ပြေးပုန်းအောင်းကြတဲ့ လက်ဖက်တောင်သူ ၃ ဦး ဗုံးဆန်ထိမှန်ဒဏ်ရာရခဲ့ကြပါတယ်။ ကောင်ခေးဒေသခံ ၁၃ ဦး မနေ့ မနက်ခင်းပိုင်းက လက်ဖက်ခြံမှာ လက်ဖက်ခူးနေကြစဉ် ၁၀ နာရီခွဲလောက်မှာ ခြံအနီး တိုက်ပွဲစတင်ဖြစ်ပွားနေတဲ့အတွက် မီးသွေးတွင်းဟောင်းတခုထဲ သွားရောက်ပုန်းခိုခဲ့ကြပါတယ်။ မွန်းလွဲ ၂ နာရီကျော်မှာ သေနတ်သံတိတ်ဆိတ်သွားလို့ မီးသွေးတွင်းဟောင်းက ပြန်ထွက်လာစဉ် ထပ်မံတိုက်ပွဲဖြစ်ကြတာကြောင့် လျှိုတခုထဲ ၀င်ပုန်းစဉ် ဗုံးစထိမှန်ခဲ့ကြတာလို့ ကိုယ်တိုင်ကြုံခဲ့ရသူ အမျိုးသမီးတဦးက ဒီဗွီဘီကိုပြောပါတယ်။ “တိုက်ပွဲဖြစ်တာလည်း လက်ဖက်ခြံနဲ့လည်း နီးနေတယ်လေ။ ဖြစ်တော့ ကျနော်တို့ မီးသွေးကျင်းဟောင်းထဲ သွားပုန်းတယ်။ ၂ နာရီခွဲဝန်းကျင်ရောက်တော့ နည်းနည်းငြိမ်သွားလို့ ပြန်ဖို့လုပ်တယ်။ အဲမှာ မြန်မာ့တပ်မတော်နဲ့ သွားတွေ့တယ်။ သူတို့ကတော့ အပေါ်မှာ။ သူတို့ရပ်ခိုင်းပြီး မေးတယ်။ ပြီးတော့ ထိုင်ခိုင်းတယ်။ မေးမြန်းနေတဲ့ အချိန်မှာပဲ တိုက်ပွဲပြန်ဖြစ်တော့ လျှိုထဲမှာ သွားပုန်းနေတာ။ ကျမတို့ လျှိုထဲသွားပုန်းတဲ့အချိန်မှာ လက်ပစ်ဗုံးကျတယ်။ အဲမှာ သားအမိ  ၂ ယောက်ရယ်၊ ပြီးတော့ ၁၃ နှစ်သမီး ၁ ယောက်ရယ် ထိသွားတယ်။” ဒဏ်ရာရရှိသူ အိုင်သန်းဌေး၊ အီရွှေဦးနှင့် ဒေါ်အိုင်ထားတို့ကို နမ့်ခမ်းဆေးရုံ ပို့ဆောင်ပေးထားပြီး ဒေါ်အိုင်ထားမှာ တင်းပါးနဲ့ခါးမှာ ရတဲ့ ဒဏ်ရာပြင်းထန်ခဲ့ပြီး ခွဲစိတ်ခန်းထဲ ပို့ဆောင်ပေးထားရကြောင်း သိရပါတယ်။ ပုန်းသူ ၁၃ ဦးဟာ လက်နက်စထိမှန်ပေမယ့် ပြန်မထွက်ရဲဘဲ ညနေပိုင်းကျမှ လျှိုထဲက ပြန်လည်ထွက်လာခဲ့တာလို့ ဆိုပါတယ်။ “အဲမှာ ရှိတာက စုစုပေါင်း ၁၃ ယောက်ရှိတယ်။ ယောက်ျားလေးက ၈ နှစ်ကလေးကလွဲပြီး မိန်းကလေးတွေကြီးပဲ။ လေယာဉ်တွေလာပစ်တဲ့ အချိန်မှာတောင် ကျမတို့ အဲလျှိုထဲမှာပဲ။ လူတော့ ထိတယ်။ ပြန်မထွက်ရဲဘူး။ ၅ နာရီခွဲလောက်မှ ရွာသားတွေ ပြန်လာကယ်တာ။” ဒီတိုက်ပွဲနဲ့ပတ်သက်လို့ နှစ်ဘက်စလုံးက သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (တီအန်အယ်လ်အေ) ဟာ သင်္ကြန်အပြီးကာလမှာ မြန်မာ့တပ်မတော်နဲ့ကွတ်ခိုင်မြို့နယ်၊ မန်တုံမြို့နယ်၊ နမ့်ခမ်းမြို့နယ်နဲ့ နမ္မတူမြို့နယ်တွေမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။ ကနဦးပိုင်းက တနိုင်လုံးအပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးတာကို ငြင်းဆန်ခံရပြီး လက်ရှိမှာတော့ စာချုပ်ကို လက်မှတ်မထိုးတော့ဘဲ ၀ တပ်ဖွဲ့ရဲ့ ဦးဆောင်မှုနဲ့ နိုင်ငံရေးဆွေးနွေးဖို့ ဆုံးဖြတ်ထားတဲ့ အဖွဲ့တစ်ဖွဲ့လည်း ဖြစ်ပါတယ်။ သတင်း - နိုင်နိုင်
4 years Ago
Up