နမ့်ဆန်

October 14, 2019

နမ့်ဆန်မြို့နယ် လယ်ကလေးရွာ ပူဇော်ပွဲသွားသည့် သံဃာ ၃ ပါး မိုင်းထိ

ရှမ်းပြည်နယ် နမ့်ဆန်မြို့နယ်ထဲမှာ ရွာတရွာက သံဃာပူဇော်ပွဲကို သွားနေတဲ့ သံဃာ ၃ ပါး မိုင်းထိလို့ ဆေးရုံရောက်နေတယ်လို့ လူမှုကူညီရေးအသင်း တာဝန်ရှိသူတယောက်က ပြောပါတယ်။ မန္တလေးမှာ စာသင်နေတဲ့ သံဃာ ၃ ပါးဟာ နမ့်ဆန်မြို့နယ် လွယ်ကလေးရွာက ပူဇော်ပွဲကို သွားနေတုန်း လမ်းမှာ မိုင်းထိခဲ့တာပါ။ ကျောက်မဲလူမှုကူညီရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မောင်သိန်းက “မနေ့ည ၇ နာရီကျော်လောက်က ဒေသန္တရ လက်လုပ်မိုင်းထိတာပေါ့။ မိုင်းစတွေကတော့ တကိုယ်လုံးမှာ မှန်ထားတယ်။ ခြေထောက်၊ ရင်ဘတ်၊ မျက်လုံးတွေ ထိတာပေါ့။ မိုင်းမောတိုက်နယ်ဆေးရုံကိုတင်တယ်။ ဒီနေ့ နေ့လယ် ၁ နာရီမှာတော့ ကျောက်မဲဆေးရုံကို ရောက်ပါတယ်” လို့ ပြောပါတယ်။ သံဃာတွေထဲက ၂ ပါးဟာ အဲဒီဒေသခံ ပလောင်သံဃာတွေ ဖြစ်ပြီး နောက်တပါးကတော့ ရွာက ပူဇော်ပွဲကို အတူလိုက်လာတာလို့ ပြောပါတယ်။  ကျောက်မဲမြို့ရဲ့ မြောက်ဘက်မှာ မိုင်းမောမြို့ရဲ့ အထက်ဘက် လွယ်ပျက်ရွာအထွက်မှာ မိုင်းပေါက်ခဲ့တာ ဖြစ်ပါတယ်။ လွယ်ပျက်ဟာ နမ့်ဆန်မြို့နယ်ထဲမှာ ဖြစ်ပြီး လွယ်ပျက်ရွာကနေ လွယ်ကလေးရွာကိုအထွက် တမိုင်ခွဲလောက်မှာ ဖြစ်ခဲ့တာပါ။ “လိုင်းကားကလည်း မရှိတော့ ၃ ပါးလုံး ဆိုင်ကယ်တစီးနဲ့ သွားကြတာ။ ဒီက လက်နက်ကိုင် အဖွဲ့တွေက ကိုယ်တိုင်မိုင်းလုပ်ကြတာ။ ဒေသန္တရလက်လုပ်မိုင်းဆိုတာ ဝယ်ထားတာ မဟုတ်ဘူးလို့ ပြောချင်တာ။ ဘယ်အဖွဲ့လဲဆိုတော့ လက်နက်ကိုင်အဖွဲ့တွေပေါ့ဗျာ။ ပြည်သူတွေတော့ မိုင်းမထောင်ကြပါဘူး” လို့လည်း ဦးတင်မောင်သိန်းက ပြောပါတယ်။ ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်နေ့ မနက်ပိုင်းကလည်း  ရွာသား ၂ ဦး လက်ဖက်ခင်းသွားစဉ် မိုင်းထိမိပြီး ၁ ဦး သေဆုံးကာ ၁ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိသွားပါတယ်။
2 years Ago
Up