နမ့်စန်

May 4, 2021

နမ့်စန်မြို့နယ်၌ အကြမ်းဖက်စစ်တပ်က ရွာသားများအား လူသားဒိုင်းအဖြစ် အသုံးပြုနေ

ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်ထဲမှာ စစ်ကောင်စီ အကြမ်းဖက်တပ်ဖွဲ့တွေနဲ့ ပြည်သူ့စစ်တွေ ပူးပေါင်းပြီး RCSS/SSA ရှမ်းပြည်တပ်မတော်ကို တိုက်ခိုက်ရာမှာ ရွာသားတွေကို လူသားဒိုင်းအဖြစ် အသုံးပြုခဲ့တယ်လို့ ထိုင်းအခြေစိုက် ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က မေလ ၃ ရက် နေ့စွဲနဲ့ ထုတ်ပြန်ပါတယ်။

ရလခလက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မတ်ကျိုင်း၊ နားယိုင်း၊ အက်စ်သုံးလုံးနဲ့ ကာလိအခြေစိုက် ပြည်သူ့စစ်တွေနဲ့ ပူးပေါင်းပြီး ဧပြီ ၂၂ နဲ့ ၂၃ နေ့ရက်တွေမှာ RCSS/SSA ရှမ်းပြည်တပ်မတော်နဲ့ နားခန်၊ ကောင်ယောင်း၊ လွယ်ငင်း၊ ဖာဆွန့်ကျေးရွာအနီးတဝိုက်မှာ တိုက်ပွဲဖြစ်ခဲ့တာပါ။

အဆိုပါတိုက်ပွဲစစ်ဆင်ရေးကာလ တနေရာက တနေရာကို သွားရာမှာ ရွာသားတွေကို အရှေ့က လျှောက်စေပြီး လူသားဒိုင်းအဖြစ် အသုံးပြုခဲ့သလို အပြစ်မဲ့ရွာသားတွေကို ဖမ်းဆီးချုပ်နှောင်တာ၊ အိမ်ထဲ ဝင်ရောက်မွှေနှောက်ကာ ပစ္စည်းတွေ ယူငင်ခြင်းတွေ လုပ်ခဲ့တယ်လို့  ရှမ်းလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။ 

ဧပြီလကုန်ပိုင်းမှာ ဖာဆွန့်ရွာသား ၇ ယောက်ကို ထရပ်ကား ၂ စီးနဲ့ ရွာအရှေ့ဘက်သို့ အဓမ္မ ရေသယ်ခိုင်းတာ၊ ဖာဆွန့်ရွာသား ၆ ယောက်ကို အကြောင်းမဲ့ ဖမ်းဆီးချုပ်နှောင်တာ၊ ဖာဆွန့်ရွာသား ၆ ယောက်ကို စစ်ကြောင်းရှေ့ကနေ ၅ ကီလိုမီတာလောက် လမ်းလျှောက်ခိုင်းခဲ့တာ စတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အာဏာသိမ်းစစ်တပ်က ကျူးလွန်းခဲ့တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ဖာဆွန့်ရွာရှိ နေအိမ် ၆ လုံးကို ဝင်ရောက်မွှေနှောက်ကာ အိမ်မွေးကြက် အကောင် ၂၀ လောက်နဲ့ ဆန်၊ ဆီ၊ ဆား၊ ဟင်းချက်စရာ၊ ဒယ်အိုး၊ ရေပုံးတွေ ယူငင်သွားတာ၊ ၇ မိုင်ကျေးရွာက ရွာသား ၂ ယောက်ကို စစ်ကြောင်းရှေ့ကနေ ၁၀ ကီလိုမီတာ လမ်းပြလျှောက်ခိုင်းခဲ့တယ်လို့လည်း  ဆိုပါတယ်။ 

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ထိုင်းမြန်မာနယ်စပ်ရှိ RCSS/SSA ရဲ့ စစ်စခန်းတွေကို ဧပြီ ၁၈ ၊ ၁၉ နဲ့ ၂၁ နေ့ရက်တွေမှာ ပစ်ခတ်ခဲ့တာကြောင့် နယ်စပ်ရှိ ဒုက္ခသည် ၆၀၀၀ လောက်က  တိုက်ပွဲတွေ ဆက်ဖြစ်လာမှာကို ကြောက်လန့်နေကြတယ်လို့  ရှမ်းလူ့အခွင့်အရေးအဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

1 month Ago

February 12, 2021

ရှမ်းပြည်နယ် နမ့်စန်တွင် နာရေးကူညီမှုအသင်းဥက္ကဋ္ဌ အပါအဝင် ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရ

ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်ခရိုင် နမ့်စန်မြို့နယ်နဲ့ ခိုလမ်မြို့နယ်ခွဲမှာ စစ်အာဏာရှင်ကျဆုံးရေး ဆန္ဒပြလို့ နမ့်စန် နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ၊ မြို့နယ် အမျိုးသားဒီ မိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ အပါအဝင် လူ ၁၀ ဦးထက်မနည်း  အဖမ်းခံခဲ့ရပါတယ်။ 

နမ့်စန်မြို့က ဖမ်းဆီးခံရသူတွေမှာ  နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးဝင်းနိုင် ၊ အန်အယ်လ်ဒီ အဖွဲ့ဝင် ကိုထွေး၊ ကိုစောငယ်နဲ့ အန်အယ်လ်ဒီဒုဥက္ကဋ္ဌ ကိုကျော်သူထွန်းတို့ဖြစ်ပြီး မနေ့ ညနေပိုင်းမှာ နမ့်စန်အ ခြေစိုက် လေတပ်စခန်းစစ်ဌာနချုပ် တပ်ဖွဲ့ဝင်တွေ လာဖမ်းသွားတာလို့  နမ့်စန်ဒေသခံ စိုင်းဇော်ဝင်းက ဒီဗွီဘီကို ပြောပါတယ်။ 

“မနေ့က အဖမ်းခံရတာ ၆ ယောက်လို့လည်း ကြားတယ်ခင်ဗျ။ ကျနော် သိတာကတော့  ၄ ယောက်၊ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးဝင်းနိုင်၊  အန်အယ်လ်ဒီအဖွဲ့ဝင် ကိုထွေး၊ အန်အယ်လ်ဒီ ဒုဥက္ကဋ္ဌ ကိုကျော်သူထွန်းနဲ့ ကိုစောငယ်၊ ကျန်တဲ့ ၂ ယောက်တော့ နာမည်မသိသေးဘူး ခင်ဗျ။ ညနေပိုင်းလောက်မှာ အိမ်မှာ လာဖမ်းတယ် ပြောတယ်။ စလခတပ်ကတဲ့ အသေးစိတ်ကိုတော့ မသိရပါဘူး။”

နမ့်စန် အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဦးနေဇော်နိုင်၊ အတွင်းရေးမှူး ဦးလှထွေး၊ လွှတ်တော် ကိုယ်စားလှယ် စိုင်းလှဝင်းတို့ ၃ ဦးကတော့ ဒီမတိုင်ခင် ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းပြီး ကတည်းက ဖမ်းဆီးခံထားရကြောင်း၊ သူတို့ကို နမ့်စန် အခြေစိုက် စစ်စခန်းဌာနချုပ်မှာ ထိန်းသိမ်း ထားတယ်လို့ ဆိုပါတယ်။

နမ့်စန်မြို့နယ် ခိုလမ်မြို့နယ်ခွဲမှာလည်း မနေ့ မနက်ပိုင်းက ပထမဆုံးအကြိမ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပြီး ညနေပိုင်းမှာတော့ ဆန္ဒပြဦးဆောင်သူလို့ ယူဆရသူ တွေကို ရဲနဲ့စစ်တပ် ပူးပေါင်းအဖွဲ့ဝင်တွေက လိုက်လံဖမ်းဆီးရာမှာ ၄ ယောက်ပါသွားတယ်လို့ ခိုလမ်ဒေ သခံတစ်ဦးက ပြောပါတယ်။ 

“ခိုလမ်မှာ အဖမ်းခံရတာက ၄ ယောက်၊  ကိုသံချောင်း၊ ကိုကုလားနဲ့ ကိုဖိုးသားတဲ့ နောက်တယောက်က နာမည်မသိဘူး။ ကိုသံချောင်းက သူတို့ကိုပုလင်းနဲ့ပေါက်လို့တဲ့၊ ကျန်တဲ့ ၃ ယောက်က ဆန္ဒပြလို့၊ ကိုသံချောင်းကတော့ ပြန်လွတ်လာပြီပြောတယ်။ ကျနော်နဲ့တော့ မတွေ့ရ သေးဘူး။”

ခိုလမ်မှာ မနေ့က အဖမ်းအဆီးတွေရှိတဲ့နောက် ဒီကနေ့မှာတော့ ဆန္ဒပြပွဲမရှိကြောင်း၊ သူတို့ဆီမှာ စစ်တပ်က တောင်သူတွေဆီကနေ မြေဧကပေါင်း ထောင်ကျော် သိမ်းယူထားလို့ အမှုဖြစ်နေပြီး စစ်အာဏာရှင်စနစ်ကိုလည်း မကြိုက်သူများလို့  ဆန္ဒပြတာတွေတော့ ဆက်ရှိဦးမှာလို့  ဒေသခံက ပြောပါတယ်။

4 months Ago
More News
Up