စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ် နဘဲကြူးရွာမှာ တည်ရှိတဲ့ ရှမ်းပြည်နယ်က စစ်ဘေးရှောင်ဒုက္ခသည် ကလေးငယ်တွေအတွက် စာရေးကိရိယာတွေနဲ့ ထောက်ပံ့ကူညီမှုတွေ လိုအပ်နေပါတယ်။
နဘဲကြူးရွာ စစ်ဘေးဒုက္ခသည်ကျောင်းကို ၂၀၁၅ ခုနှစ်က စတင်တည်ထောင် ဖွင့်လှစ်ခဲ့ပြီး ကျောင်းသူ/သားဦးရေ ၁၇၄ ဦးရှိကာ ဆရာ/မ ၉ ဦးနဲ့ လည်ပတ်နေရတာ ဖြစ်ပါတယ်။
ကလေးငယ်တွေဟာ ရှမ်းပြည်နယ်နေရာဒေသအသီးသီးမှ စစ်ဘေးသင့်ဒဏ်ခံခဲ့ရတဲ့ ကလေးသူငယ်တွေဖြစ်ပြီး မိဘမဲ့ကလေးငယ်တွေလည်း ပါဝင်ပါတယ်။
အများစုက ရှမ်ပြည်နယ်၊ လောက်ကိုင်၊ နမ္မတူ၊ နမ့်ခမ်း၊ ကွတ်ခိုင် စတဲ့ဒေသတွေက ကလေးငယ်တွေအများဆုံဖြစ်ပြီး အသက် ၁ နှစ်အရွယ်ကနေ ၁၇ နှစ်အရွယ်ထိရှိကြတယ်လို့ ဦးဆောင်ဆရာတော် ဥူးဝေဠုရိယက မိန့်ပါတယ်။
အခုအခါ ကလေးငယ်တွေအတွက် ဆေးဝါး၊ အစားအသောက်၊ အဝတ်အထည်တွေနဲ့ စာရေးကိရိယာတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
ကျောင်းမှာ မူလတန်းကနေ ၁၀ တန်းထိကို ဆရာ/မ ၉ ဦးနဲ့သာ သင်ကြားနေရလို့ ဆရာ/မ လုံလောက်မှုလည်း မရှိဘူးလို့ ဆရာတော်က မိန့်ပါတယ်။
စစ်ဘေးဒုက္ခသည် ကလေးငယ်တွေရဲ့စားဝတ်နေရေးကို ဘုန်းတော်ကြီးတွေက ကိုယ်ထူကိုယ်ထစနစ်နဲ့ ဖြေရှင်းနေကြရတာဖြစ်လို့ စာသင်ကျောင်းအဆောက်အဦ၊ နေရာအဆောင် စတာတွေလည်း လိုအပ်မှုတွေရှိနေသေးတာဖြစ်ပါတယ်။
စစ်ဘေးဒုက္ခသည် ကလေးငယ်တွေနဲ့ ပတ်သက်ပြီး အစိုးရထံမှ အထောက်အပံ့မရှိဘဲ အလှူရှင်တွေရဲ့ အကူညီတွေနဲ့သာ ဖြေရှင်းနေရတယ်လို့ ဆရာတော်က မိန့်ပါတယ်။
သတင်းနှင့်ဓာတ်ပုံ - အောင်ကိုလတ်
7 years Ago