နပန်းမယ်

January 8, 2018

အတားအဆီးများကိုကျော်ဖြတ်ပြီး အောင်မြင်သည့် နပန်းမယ်ဖြစ်လာသူ

နီတူးရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းဟာ လူသားအဖြစ် ရှင်သန်ရပ်တည်မှုနဲ့ အားကစား အောင်ပွဲကြားက သာဓကတခုလို့ ပြောရမှာပါပဲ။ သူဟာ ၁၂ နှစ်သမီး အရွယ်မှာပဲ အိမ်ထောင်ကျခဲ့ကာ ဘဝကို ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရပြီး လက်ရှိမှာတော့ အိန္ဒိယနိုင်ငံရဲ့ အောင်မြင်တဲ့ နပန်းမယ်တဦး ဖြစ်လာခဲ့တာပါ။ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် အမျိုးသားအားကစားပြိုင်ပွဲမှာ နပန်းအားကစား ကြေးတံဆိပ်ဆုကို ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။ “ကျမအသက် ၂၁ နှစ်ရှိပါပြီ။ ဒါတွေအားလုံးက ကျမအသက် ၁၂ နှစ်သမီးလောက်က စခဲ့တာပါ။ ကျမ စိတ်ရောဂါရှင် အသက် ၄၀ အရွယ် အမျိုးသားတယောက်နဲ့ တရားမဝင် လက်ထပ်ခဲ့ရတယ်။ ဒါပေမယ့် သိပ်မကြာပါဘူး။ ၂ လလောက်ကြာတော့ ကွဲသွားခဲ့တယ်။ ၁၄ နှစ်အရွယ်ရောက်တော့ နောက်တကြိမ် လက်ထပ်လိုက်ရပြန်တယ်။ အမြွှာကလေး ၂ ယောက် ရခဲ့တယ်” လို့ နီတူးက ပြောပါတယ်။ သူဟာ ကလေးတွေ မွေးဖွားပြီးချိန်မှာ ဒီအားကစားနယ်ပယ်ထဲကို စတင်ဝင်ရောက်ခဲ့ပြီး ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ရတယ်လို့ ဆိုပါတယ်။ နပန်းအားကစားက သူ့ရဲ့ဘဝကို တကျော့ပြန် ထူမတ်နိုင်မယ့် မျှော်လင့်ချက်နဲ့ လေ့ကျင့်ခဲ့ရတာပါ။ သူဟာ မိသားစုနဲ့ဝေးတဲ့ အခန်းကျဉ်းလေးတခုထဲမှာ နေထိုင်ပြီး လေ့ကျင့်နေခဲ့ရကာ ကလေးတွေကိုလည်း ရံဖန်ရံခါမှသာ သွားတွေ့နိုင်တယ်လို့ ဆိုပါတယ်။ သူ ဒါကို စတင်လေ့ကျင့်ချိန်မှာ တရွာတည်းက မိတ်ဆွေတွေ၊ လူတွေအားလုံးက ဘယ်လိုမှ အောင်မြင်လိမ့်မယ်လို့ မယုံကြည်ခဲ့ကြပါဘူး။ “ကျမ ဒါကို အနစ်နာခံ၊ ဆင်းရဲဒုက္ခခံပြီး လေ့ကျင့်ခဲ့ရတယ်။ ဘာလို့လဲဆိုတော့ နပန်းက ကျမရဲ့ဘဝ ဖြစ်နေလို့ပါပဲ။” ရွာထဲကလူတွေကတော့ ကလေး ၂ ယောက်အမေ အမျိုးသမီးတယောက်အနေနဲ့ နပန်းမယ်တဦးဖြစ်လာဖို့ အိပ်မက်ဟာ မဖြစ်နိုင်ဘူးလို့ ပြောခဲ့ကြတာပါ။ နောက်ပြီး ဝင်ငွေနိမ့်ပါးတဲ့ လူတွေအဖို့ အိပ်မက်ဆိုတာ မရှိစကောင်းတဲ့ အရာလို့လည်း ပြောခဲ့ကြပါသေးတယ်။ “ဆာလောင်ငတ်မွတ်မှုကို ကျမကိုယ်တိုင် သိပါတယ်။ လေ့ကျင့်မှုတွေနဲ့ လုံးထွေးနေရတုန်းက ကျမမှာ စားသောက်ဖို့ ငွေလုံလုံလောက်လောက် မရှိပါဘူး။ တခြား မိန်းကလေးတွေကတော့ သစ်သီးဖျော်ရည်တို့ ချိစ်တို့ စားနေချိန်မှာ ကျမကတော့ ရေကိုပဲ အားပြုသောက်နေခဲ့ရတယ်။ ကျမက စိတ်ဓာတ်ကြံ့ခိုင်သူဆိုတာ ကျမသိတယ်လေ။ ဘာလို့လဲဆိုတော့ အဲဒါဟာ အရာရာပဲမို့လို့ပေါ့။” ပြိုင်ပွဲမှာ ဆုတံဆိပ်ရခဲ့ပြီးချိန်မှာတော့ အရာရာဟာ ပြောင်းလဲသွားခဲ့တော့တာပါပဲ။ “ကျမ ရွာကို ပြန်သွားခဲ့ချိန်မှာ ကျမကို အားလုံးက သောင်းသောင်းဖြဖြ ကြိုဆိုနေကြတယ်။ ချီးကျူးကြတယ်။ တချိန်က ကျမကို မယုံကြည်ခဲ့သူတွေကလည်း ကျမဆီမှာ သူတို့ရဲ့သမီးတွေကို လေ့ကျင့်သင်ကြားပေးဖို့ လာအပ်ကြတယ်လေ။” လက်ရှိ နီတူးရဲ့ အိပ်မက်ကတော့ အိုလံပစ်အားကစားပြိုင်ပွဲမှာ ဆုတံဆိပ် ဆွတ်ခူးနိုင်ဖို့ပဲဖြစ်တယ်လို့ ဆိုပါတယ်။
4 years Ago

October 26, 2017

အိန္ဒိယ၏ ပထမဆုံးနပန်းမယ် ဖြစ်လာသည့် ကာဗီတာဒေဝီ (ရုပ်သံ)

ကာဗီတာဒေဝီဟာ အသက် ၃၄ နှစ်အရွယ် ကလေးတယောက်မိခင်ဖြစ်ပေမယ့် လက်ရှိမှာတော့ အိန္ဒိယနိုင်ငံရဲ့ ပထမဆုံးသော နပန်းမယ်တဦး ဖြစ်လာခဲ့ပါတယ်။ WWE အဆင့် နပန်းအားကစားပြိုင်ပွဲဝင်နိုင်တဲ့ အဆင့်ထိ ချီတက်လာနိုင်ခဲ့တဲ့ သူ့ရဲ့ ဖြတ်သန်းမှုဟာလည်း တကယ့်ကို အံ့သြစရာ ကောင်းလှပါတယ်။ “လက်ဝှေ့ကြိုးဝိုင်းထဲကို ရောက်တာနဲ့ ကျမမှာ သားတယောက်ရှိတယ်ဆိုတာ၊ မိသားစုရှိတယ်ဆိုတာ မေ့သွားတော့တာပဲ။ ကျမနဲ့ ဒီအားကစားပဲ ရှိတော့သလို။” သူဟာ ဒီလောကထဲကို ဘယ်လိုဝင်ရမလဲဆိုတာ ကောင်းကောင်းသိတဲ့သူ တယောက်ပါ။ အလေးမ ရွှေတံဆိပ်ဆုရှင်တယောက်လည်း ဖြစ်တဲ့ ကာဗီတာအဖို့ ခက်ခဲတဲ့ ဘဝနေထိုင်မှုနဲ့ ဝါသနာပါတဲ့ အားကစားကြားမှာ ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရတာပါ။ မိသားစုက သူ့ကို ထောက်ခံပေးဖို့ ဆွဲဆောင်ခဲ့ရတာဖြစ်ပြီး တောင်အာရှ အလေးမရွှေတံဆိပ်ဆုရှင် ဖြစ်လာပြီးတဲ့နောက်မှာတော့ တဖြည်းဖြည်း ပြောင်းလဲလာခဲ့ကာ လက်ရှိမှာတော့ နိုင်ငံရဲ့ ပထမဆုံးသော နပန်းမယ်တဦး ဖြစ်လာခဲ့တာပါ။ လက်ရှိမှာတော့ ပန်ဂျပ်ပြည်နယ်ထဲက The Great Khali လို့ လူသိများတဲ့ နပန်းသမား ဒါလစ်ပ်ဆင်းရန်နာရဲ့ အားကစားကလပ်မှာ လေ့ကျင့်နေတာ ဖြစ်ပါတယ်။ “ကျနော်တို့ ဒီအားကစားမှာက အမျိုးသားတွေကြီးစိုးပြီး အမျိုးသမီးတွေကိုတော့ အိမ်ထဲမှာပဲ ချန်ထားခံရလေ့ ရှိပါတယ်။ အဲဒီလို အမျိုးသမီးတွေကို မိသားစုဝင်တွေကလည်း ထောက်ခံအားပေးလေ့ မရှိကြပါဘူး” လို့ ဒါလစ်ပ်ဆင်းရန်နာက ပြောပါတယ်။ The Great Khali အားကစားကလပ်ကတော့ အဲဒီလို အမျိုးသမီးတွေအတွက် စိတ်ခွန်အားပေး ဖွင့်လှစ်ထားရှိရာ နေရာတခုလည်း ဖြစ်နေခဲ့ပါတယ်။ နပန်းပွဲမှာ အိန္ဒိယရိုးရာ ဆာဝါဝတ်စုံ ဝတ်ဆင်တာကလည်း ထူးခြားနေပြီး ဘီဘီစီ သတင်းဌာနကိုတော့ ခုလိုဖြေလိုက်တာပါ။ “ဒီဝတ်စုံကို ရွေးချယ်ဝတ်ဆင်ခဲ့တာကတော့ ဘယ်လိုမဆို တိုက်ခိုက်နိုင်ပြီး ဝတ်စုံကြောင့် ရှက်ရွံ့နေစရာမလိုဘူးဆိုတာ တခြားအမျိုးသမီးတွေကို သိစေချင်လို့ပါပဲ။” သူဟာ ပြင်းပြင်းထန်ထန် လေ့ကျင့်နေရမှုတွေကြောင့် မိသားစု၊ သားဖြစ်သူနဲ့ တနှစ်မှာ ၆ လလောက် ဝေးနေရတာဖြစ်ပေမယ့် ခုနောက်ပိုင်းမှာတော့ အဆင်ပြေလာခဲ့ပြီလို့ ဆိုပါတယ်။ “အခုတော့ ကျမ ဘာလုပ်နေတယ်ဆိုတာ သားက သိလာခဲ့ပြီရှင့်။ ကျမ ပြိုင်ပွဲတခုမှာ ရှုံးရင် သူက ဆူနေတော့တာပါပဲ။” လက်ရှိမှာတော့ ရဲမေဟောင်းတယောက်လည်း ဖြစ်ခဲ့ဖူးတဲ့ ကာဗီတာဟာ WWE ချန်ပီယံဖြစ်လာဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
4 years Ago
Up