၁၂ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံတောင်ပိုင်း ကွမ်းရှီးထောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ မြို့တော် နန်နင်းမှာ စက်တင်ဘာ ၁၈ ရက်နေ့က ဖွင့်လှစ်ကျင်းပပါတယ်။
ဒါဟာ တရုတ်နဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံတို့ကြား ဆက်ဆံရေးနဲ့ အပြန်အလှန် ကုန်သွယ်ရေးရဲ့ အရေးကြီးတဲ့ အခြေခံ စင်္ကြန်လည်း ဖြစ်ပါတယ်။
ဖွင့်ပွဲ အခမ်းအနားမှာ တရုတ် ဒု-ဝန်ကြီးချုပ် ကျန်းကို့လီက မိန့်ခွန်းပြောပါတယ်။
တရုတ်နဲ့ အာဆီယံနိုင်ငံတွေကြား နိုင်ငံရေး အပြန်အလှန် ယုံကြည်မှုနဲ့ စီးပွားရေး ရောနှော ပေါင်းစပ်မှုတွေ တိုးမြှင့်နေတယ်လို့ ပြောပါတယ်။
ဘုံပန်းတိုင်ရှိတဲ့ တရုတ်နဲ့ အာဆီယံ ပိုနီးစပ်တဲ့ လူ့အဖွဲ့အစည်း တည်ဆောက်ရေးနဲ့ ၂၁ ရာစု ပင်လယ်ရေကြောင်း ပိုးလမ်းကို ပူးတွဲ အခြေချရေး တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ပဏာမ ခြေလှမ်းတွေကို အာဆီယံက ပံ့ပိုးခဲ့ပြီးပါပြီ။
တရုတ်ဝန်ကြီးချုပ် လီခဲ့ချန်ကတော့ တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်ရေး "2+7" မူဘောင်ကို အခြေချဖို့ အဆိုပြုခဲ့ပါတယ်။
တရုတ်ဟာ အာဆီယံရဲ့ အကြီးဆုံး ကုန်သွယ်ရေး မိတ်ဖက်ဖြစ်ပြီး အာဆီယံကတော့ တရုတ်ရဲ့ တတိယအကြီးဆုံး ကုန်သွယ်ရေး မိတ်ဖက်၊ စတုတ္ထအကြီးဆုံး တင်ပို့ကုန် ဈေးကွက်နဲ့ ဒုတိယအကြီးဆုံး တင်သွင်းကုန်ရင်းမြစ် ဖြစ်ပါတယ်။
အပြန်အလှန် ကုန်သွယ်ရေးဟာ ၂၀၁၄ မှာ အမေရိကန်ဒေါ်လာ ၄၈၀ ဘီလီယံကျော်ခဲ့ပြီး ၈ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်ခဲ့တာပါ။
အပြန်အလှန် ရင်းနှီးမြှုပ်နှံမှုကတော့ အမေရိကန်ဒေါ်လာ ၁၃၀ ဘီလီယံ ကျော်ခဲ့ပါတယ်။
ကုန်စည်ပြပွဲကို တရုတ်နဲ့ အာဆီယံ နိုင်ငံတွေက ကုမ္ပဏီပေါင်း ၂၂၀၀ လာရောက်ခဲ့ပြီး စက်တင်ဘာ ၂၁ ရက်နေ့မှာ ပြီးဆုံးမှာပါ။
ကုန်စည်ပြပွဲအတွင်း ၂၁ ရာစု ပင်လယ်ရေကြောင်း ပိုးလမ်းစီမံချက်အတွက် လုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်ရေး၊ အီလက်ထရောနစ် နည်းပညာသုံး စီးပွားရေး၊ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးနဲ့ ခရီးသွားလုပ်ငန်း နယ်ပယ်တွေအတွက် ဖိုရမ်ပေါင်း ၂၇ ရပ်ကိုလည်း ကျင်းပမှာပါ။
၂၀၀၄ ခုနှစ်က စတဲ့ ဒီကုန်စည်ပြပွဲဟာ တရုတ်နဲ့ အာဆီယံကြား အပြန်အလှန် ကုန်သွယ်ရေးနဲ့ စီးပွားရေးဆိုင်ရာ ဆက်ဆံရေး တိုးမြှင့်ဖို့ အရေးကြီးတဲ့ အခြေခံအုတ်မြစ် ဖြစ်ပါတယ်။
8 years Ago