နတ်ကြီးကျေးရွာ

May 19, 2022

ကနီမြို့နယ် နတ်ကြီးကျေးရွာကို စစ်ကောင်စီက ဒုတိယအကြိမ် ထပ်မံမီးရှို့နေ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ နတ်ကြီးကျေးရွာကို စစ်ကောင်စီတပ်က ဒီနေ့ မေ ၁၉ ရက်နေ့ မနက် ၈ နာရီအချိန်ကနေစပြီး မီးရှို့နေတယ်လို့ နတ်ကြီးဒေသခံတွေက ပြောပါတယ်။

“မနေ့က ရေဘုတလင်ရွာ၊ ချောင်းဝကြီးရွာ၊ ဝက်ချောင်း‌ကလေးရွာတွေကို ရွာစဉ်တန်း မီးရှို့ခဲ့တဲ့ စစ်တပ်ပါ။ အခု ကျမတို့ရွာ အရှေ့ပိုင်းက သူတို့ စမီးရှို့တယ်။ အဲဒါပြီးတော့ ရွာအလယ်ပိုင်းရော၊ မြောက်ပိုင်း၊ တောင်ပိုင်းရော အကုန်အနှံ့ ရှို့နေပြီရှင့်။ တရွာလုံး ကုန်ပါပြီ။ ဒီလောက်တောင် ဘာကြောင့် ရက်စက်နေကြတာလဲ။ ကျမတို့ အပြစ်မဲ့ပြည်သူတွေက ဘာလုပ်နေလို့လဲ။ ဒီလိုမျိုးကြီး ပိုက်စိတ်တိုက် ရွာတိုင်းကို မီးရှို့နေတာကတော့ တရားလွန်လာပြီ။ ဘာကြောင့် မီးရှို့ရတာလဲဆိုတော့ ကျမတို့ပြည်သူတွေ ဘယ်သိမလဲရှင်။ သူတို့ ရှို့ချင်လို့ကို ရှို့ကြတာနေမယ်။ တခြားကတော့ သူတို့ကို ဘယ်သူကမှ ရန်မူတာမရှိဘူး” လို့ နတ်ကြီးဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။

အခုမီးလောင်နေတဲ့ နတ်ကြီးရွာဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက်ကလည်း စစ်ကောင်စီတပ်ရဲ့ မီးရှို့တာ ခံခဲ့ရပြီး အိမ်ခြေ ၃၀ နီးပါး မီးလောင်ဆုံးရှုံးခဲ့ရသလို အခု ဒုတိယအကြိမ်မှာတော့ အိမ်ခြေ ၁၅၀ နီးပါးကို မီးရှို့နေတာလို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိအချိန်မှာ စစ်ကောင်စီတပ်တွေက အဆိုပါ နတ်ကြီးကျေးရွာအတွင်းကနေ မထွက်သေးဘဲ ဆက်လက်မီးရှို့နေသေးတာကြောင့် မီးလောင်ဆုံးရှုံးရတဲ့ အရေအတွက် အတိအကျကို ဒီဗွီဘီအနေနဲ့ သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါဘူး။

စစ်ကိုင်းတိုင်းအတွင်းက တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်တာ မရှိသလို ကျေးရွာတွေကို မီးရှို့တာကိုလည်း သူတို့တပ်ဖွဲ့ဝင်တွေ လုပ်တာမဟုတ်ဘဲ PDF တွေလုပ်တာလို့ စွပ်စွဲလေ့ရှိပါတယ်။

မီးရှို့ခံနေရတဲ့ နတ်ကြီးရွာဟာ မနေ့က စစ်ကောင်စီတပ်က မီးရှို့ခဲ့တဲ့ ရေဘုတလင်ရွာ၊ ချောင်းဝကြီးရွာ၊ ဝက်ချောင်းကလေးရွာနဲ့ အနီးဆုံးကျေးရွာလည်း ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

1 month Ago

January 23, 2022

ကနီမြို့နယ် နတ်ကြီးကျေးရွာအုပ်စုက ရွာများကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

ကနီမြို့နယ် နတ်ကြီးကျေးရွာအုပ်စုအတွင်းက‌ ကျေးရွာတွေမှာ ဇန်နဝါရီ ၂၃ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်တွေ ဝင်ရောက်ရှာဖွေ မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“မနေ့က ချင်းတွင်းမြစ်အတွင်းကနေ ဖလက်မော်တော် ၈ စီးနဲ့ အထက်ကို ဆန်တက်လာတဲ့ စစ်ကောင်စီတပ်က ကောင်တွေဗျ။ မနေ့ကလည်း  နတ်ကြီးကျေးရွာရဲ့အနောက်ဘက်ကမ်းက မုဌေါကျေးရွာက အိမ်ခြေ ၅ လုံးထက် မနည်းကို ဒီကောင်တွေ မီးရှို့ခဲ့တယ်။ အခုလည်း နတ်ကြီးရွာကို  မီးရှို့တာတွေလုပ်နေတယ်။ ဘာတွေ ရှို့နေတာလဲတော့ အတိအကျ မသိရ သေးဘူးဗျ။ အဝေးကနေပဲ ရွာထဲကနေ မီးခိုးတွေတက်လာတာ အခုမြင်နေရတယ်။ ကျနော်အထင်ကတော့ လူနေအိမ်တွေပဲ ဖြစ်ဖို့ များမယ်ဗျ။ ရွာတောင်ပိုင်းကနေ မီးခိုးတွေ ထွက်နေတာမြင်နေရတယ်” လို့  နတ်ကြီးဒေသခံရွာသားတစ်ဦးက ပြောပါတယ်။

အခုလိုစစ်ကောင်စီက ကျေးရွာအတွင်းကို ရှာဖွေမီးရှို့တာတွေ လုပ်နေတာကြောင့် နတ်ကြီးအုပ်စုအတွင်းက နတ်ကြီး၊ ရွာသာ၊ ဝက်ချောင်းကြီး၊ အင်ချောင်၊ ဝက်ချောင်းကလေးနဲ့ သာယာလှ စတဲ့ ကျေးရွာတွေကပြည်သူတွေ ထောင်နဲ့ချီ စစ်ဘေးရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

5 months Ago
Up