နတ်ရွာစံသွားတဲ့ ထိုင်းဘုရင်ကြိး ဘူမိဘော အဒူလျာဒက်ကို နောက်ဆုံး လာရောက် ဂါရဝပြု အရိုအသေပေးတဲ့ အခမ်းအနားမှာ ထိုင်းပြည်သူတွေဟာ ညလုံးပေါက်တန်းစီပြီး ပါဝင်ခဲ့ကြပါတယ်။
အောက်တိုဘာ ၅ ရက်နေ့က မြို့တော် ဘန်ကောက်ရှိ ကျောက်ဖယားမြစ်အနီး သမိုင်းဝင်နေရာမှာ ဘုရင့်နန်းတော်အတွင်း ဝင်ရောက်ခွင့်ရဖို့အတွက် ထိုင်းပြည်သူတွေ ထောင်ချီပြီး တန်းစီစောင့်စားခဲ့ကြပါတယ်။
ထိုင်းနိုင်ငံ လူဦးရေရဲ့ ခြောက်ပုံတပုံနီးပါးရှိတဲ့ လူ ၁၂ သန်းနီးပါးဟာ နတ်ရွာစံခဲ့တဲ့ ဘုရင်ကြီး ဘူမိဘောကို လာရောက် အရိုအသေပေးခဲ့ကြပါတယ်။
တန်းစီနေတဲ့ လူတန်းကြီးဟာ တမိုင်ကျော်ရှည်လျားပြီး တန်းစီသူတွေဟာ နေ့ရောညပါ တန်းစီခဲ့ကြတယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
ဘန်ကောက်မြို့ခံတဦးက “မနေ့က ညနေ ၆ နာရီကတည်းက ရောက်နေတာပါ။ ဒီမနက် ၇ နာရီမှ ဝင်ခွင့်ရပါတယ်။ ၁၀ နာရီလောက် စောင့်လိုက်ရပေမယ့် ကျေနပ်ပါတယ်” လို့ ပြောပါတယ်။
မြို့ခံ နောက်တဦးကလည်း “ဒါက ကျမတို့နိုင်ငံရဲ့ ဖခင်ကြီးကို နောက်ဆုံး အရိုအသေပေးခွင့် ရတာပါ။ ထိုင်းပြည်သူတွေကို ဘုရင်ကြီးရဲ့ခြေရာ နင်းစေချင်ပါတယ်။ ဘုရင်ကြီးကို ဂုဏ်ပြုပြီး ကောင်းတာကို လုပ်စေချင်ပါတယ်” လို့ ပြောသွားခဲ့ပါတယ်။
ဘုရင်ကြီး ဘူမိဘော အဒူလျာဒက်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ သက်တော် ၈၈ နှစ်အရွယ်မှာ နတ်ရွာစံခဲ့တာဖြစ်ပြီး အဲဒီကတည်းက ဘုရင်ကြီးရဲ့ ရုပ်ကလာပ်ကို နန်းတော်အတွင်းရှိ ရွှေခန်းမမှာ ဆေးစိမ်ထားရှိတာပါ။
စေတနာ့ဝန်ထမ်းတွေဟာ လာရောက်အရိုအသေပေးကြသူတွေကို ဘုရင်ကြီးနဲ့အတူ ဓာတ်ပုံတွဲရိုက်ပေးတဲ့ ဝန်ဆောင်မှုကို ပြုလုပ်ပေးနေကြပါတယ်။
ထိုင်းဘုရင်ဟောင်း ဘူမိဘော အဒူလျာဒက်ရဲ့ တော်ဝင်ဈာပန အခမ်းအနားကို လာမယ့် အောက်တိုဘာ ၂၆ ရက်နေ့ ပြုလုပ်မှာဖြစ်ပြီး ဧည့်ပရိသတ် နှစ်သိန်းခွဲလောက် တက်ရောက်မယ်လို့ မျှော်လင့်ကြောင်း ဘုရင့်နန်းတော် တာဝန်ရှိသူတဦးက ပြောကြားခဲ့ပါတယ်။
5 years Ago