နတ်ရွာစံ ထိုင်းဘုရင်အတွက် ၀မ်းနည်းခြင်းကာလ တနှစ်သတ်မှတ်

October 14, 2016

နတ်ရွာစံ ထိုင်းဘုရင်အတွက် ၀မ်းနည်းခြင်းကာလ တနှစ်သတ်မှတ်

ထိုင်းဘုရင် ဘူမိဘော အဒူလျာဒက်ဟာ သက်တော် ၈၈ နှစ်မှာ နတ်ရွာစံကြောင်း ထိုင်းအစိုးရက အောက်တိုဘာ ၁၃ ရက် ဒေသစံတော်ချိန် ည ၇ နာရီ ရုပ်သံနဲ့ ရေဒီယိုသတင်းတွေမှာ တရားဝင် ကြေညာလိုက်ပါတယ်။ အစိုးရရုံးတွေမှာ အလံကို တိုင်ဝက် ရက် ၃၀ လွှင့်ထူဖို့နဲ့ ဝမ်းနည်းခြင်းကာလ တနှစ်အဖြစ် ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက ကြေညာပါတယ်။ အောက်တိုဘာ ၁၂ ရက် မွန်းလွဲပိုင်းက ဘုရင်ကြီးဟာ စီရီရတ်ဆေးရုံမှာ သွေးဆိပ်သင့်တာကို ကုသမှုခံယူပြီးတဲ့နောက် သွေးပေါင်ကျနေပြီး အသက်ရှူမြန်နေတယ်၊ ကျန်းမာရေးအခြေအနေ မတည်ငြိမ်ဘူးလို့ နန်းတော်က သတင်းထုတ်ပြန်ခဲ့တာပါ။ နန်းတော်ရဲ့ သတင်းထုတ်ပြန်မှု ညနေ ၅ နာရီခွဲ နောက်ပိုင်းမှာ ကြိုတင်စီစဉ်မထားတဲ့ ထိုင်းအစိုးရ အစည်းအဝေးကို အရေးပေါ်ကျင်းပဖို့ ရှိတယ်လို့ ဘီဘီစီသတင်းထောက် ဂျိုနသန် ဟဒ်က တွစ်တာ လူမှုကွန်ရက်မှာ တင်ပြခဲ့ပါတယ်။ ကုန်းမြေရဲ့အင်အား၊ နှိုင်းမရတဲ့သြဇာလို့ အဓိပ္ပာယ်ရတဲ့ နာမည်ပိုင်ရှင် ဘူမိဘောဘုရင်ဟာ ၁၉၄၆ ခုနှစ်က နန်းတက်ခဲ့ပါတယ်။ သူ့ရဲ့နန်းသက် နှစ် ၇၀ အတွင်း ထိုင်းနိုင်ငံဟာ အမြန်ဖွံ့ဖြိုးတိုးတက်ခဲ့တာပါ။ နိုင်ငံရေးအရ ကသောင်းကနင်းဖြစ်မှုတွေကိုလည်း ထိန်းကြောင်းတည့်မတ်ပေးခဲ့မှုတွေ ရှိပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံသားအများစုက ထိုင်းမင်းဆက်တွေထဲမှာ တခြားဘုရင်တွေထက် လက်ရှိဘုရင် ဘူမိဘောကို ပိုအလေးထား ချစ်မြတ်နိုးကြပါတယ်။ စည်းမျဉ်းခံဘုရင်စနစ် လက်အောက်မှာ ဘုရင်ဖြစ်ပေမယ့် နိုင်ငံတွင်း သွေးစွန်းတဲ့ အရပ်ဘက် မတည်ငြိမ်မှုကနေ အထိခိုက်မခံတဲ့ နိုင်ငံရေး အကျပ်ရိုက်မှုအထိ ဖြစ်ရပ်အများအပြားမှာ ထိုင်းဘုရင်ဟာ ဝင်ရောက်ထိန်းကျောင်းခဲ့တဲ့ သာဓကတွေ ရှိခဲ့ပါတယ်။ သူ့ပြည်သူ ၆၃ သန်းကြားမှာတော့ ဘုရင် အသက်တရက်ရှည်ဖို့ သူတို့အသက်နဲ့ ဆက်ပေးရဲတယ်ဆိုတဲ့ စကားက ရေပန်းစားပါတယ်။
6 years Ago
Up