နတ်ဆား အယ်လ် ဝူဟေရှီ

June 17, 2015

အမေရိကန်ဗုံးကြဲမှုကြောင့် အယ်လ်ကိုင်းဒါးခေါင်းဆောင် သေဆုံး၊ ခေါင်းဆောင်သစ်တင်

ယီမင်နိုင်ငံတွင်းက အယ်လ်ကိုင်းဒါး စစ်သွေးကြွတွေက အမေရိကန်ဗုံးကြဲမှုကြောင့် သူတို့ခေါင်းဆောင် နတ်ဆား အယ်လ် ဝူဟေရှီ သေဆုံးခဲ့ပြီလို့ ပြောပါတယ်။ ဒါကြောင့် သူတို့ရဲ့ စစ်ခေါင်းဆောင်ဟောင်း ကာဆင်မ် အယ်လ် ရေမီကို ခေါင်းဆောင်သစ်အဖြစ် တင်မြှောက်လိုက်ကြောင်း ကြေညာလိုက်ပါတယ်။ အာရေဗျကျွန်းဆွယ် အယ်လ်ကိုင်းဒါး တပ်ဦး (AQAP) အဖွဲ့ဝင် ခါလစ် ဘာတာဖီကတော့ “အာရေဗျကျွန်းဆွယ် ဘာသာရေးစစ်ဝါဒီ အယ်လ်ကေဒါတွေဟာ ကျနော်တို့ရဲ့ ခေါင်းဆောင် အစ္စလာမ္မစ် မင်းသား ခေါင်းဆောင် အဘူဘတ်ရှား နတ်ဆား ဘင် အဗ္ဗဒူခါရင်းမ် အယ်လ် ဝူဟေရှီအတွက် ဝမ်းနည်းပါတယ်။ သူ့ဝိညာဉ်ကို ဘုရားသခင်က အနားပေးပါစေ။ သူနဲ့ တခြား မူဂျာဟစ် ညီအကို ၂ ယောက်ကို ပစ်မှတ်ထားတဲ့ အမေရိကန်ရဲ့ စီးနင်းမှုအတွင်း အသတ်ခံခဲ့ရတာ။” လို့ ကြေညာချက် ဖတ်ပြပါတယ်။ အယ်လ်ဝူဟေရှီဟာ အိုစမာ ဘင်လာဒင်ရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်း ဖြစ်ပြီး နိုင်ငံတကာ လေကြောင်းလိုင်းတွေကို ဗုံးနဲ့ တိုက်ခိုက်ဖို့ ကြံစည်တဲ့ အုပ်စုကို ဦးဆောင်ခဲ့သူပါ။ ပြင်သစ် သရော်သတင်းစာ ရှာလီ ယေဘဒိုကို ပစ်ခတ် သတ်ဖြတ်မှုအတွက် တာဝန်ရှိကြောင်း အခိုင်အမာ ပြောပြီး ဒါဟာ တမန်တော် မိုဟာမက်ကို စော်ကားမှုအတွက် ပြစ်ဒဏ်လို့ ခေါ်ဝေါ်ခဲ့သူပါ။ အယ်လ်ကိုင်းဒါးတွေက ဝူဟေရှီ ဘယ်လို သေဆုံးခဲ့တယ်ဆိုတာ အသေးစိတ်တော့ မပြောပါဘူး။ ဒါပေမယ့် မူကယ်လာမြို့ အရှေ့တောင်ဘက်က ဒေသခံ တချို့က ပြီးခဲ့တဲ့အပတ်က မောင်းသူမဲ့ လေယာဉ်လို့ သံသယရှိတဲ့ တိုက်ခိုက်မှု တရပ်ကို အစီရင်ခံခဲ့ကြပါတယ်။ မြို့သားတွေက သူတို့မြို့က ပင်လယ်ဘေးမှာ ညနေခင်း ဝတ်ပြုပွဲအတွက် စုနေတုန်း ပေါက်ကွဲမှုကြောင့် လူ ၃ ယောက် သေတယ်လို့ မျက်မြင်သက်သေတွေက အင်္ဂါနှောင်းပိုင်းက ပြောပါတယ်။ ဒီနှစ်အတွင်း အမေရိကန်ရဲ့ ဗုံးနဲ့ တိုက်ခိုက်မှုသံသယအတွင်း ဝူဟေရှီဟာ ၆ ယောက်မြောက် အဓိက AQAP ခေါင်းဆောင်ပါ။ AQAP စစ်သွေးကြွ အုပ်စုဟာ လတ်တလောနှစ်တွေအတွင်း ယီမင်နိုင်ငံထဲက တိုက်ခိုက်မှုတွေကို စီစဉ်ခဲ့ပြီး အစိုးရဝန်ကြီးဌာနတွေ၊ စစ်တပ်စခန်းတွေနဲ့ စစ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တဲ့အတွက် ရာနဲ့ချီတဲ့ လူတွေလည်း သေဆုံးခဲ့ပါတယ်။
6 years Ago
Up