နတ်ဆရာမ ပြန်ခေါ်၍ မိကျောင်းကြီးက ကိုက်ချီထားသည့် အမျိုးသားကို အံ့ဖွယ်ပြန်ပို့

July 21, 2017

နတ်ဆရာမ ပြန်ခေါ်၍ မိကျောင်းကြီးက ကိုက်ချီထားသည့် အမျိုးသားကို အံ့ဖွယ်ပြန်ပို့ (ရုပ်သံ)

အင်ဒိုနီးရှားနိုင်ငံမှာ မိကျောင်းဆွဲခံခဲ့ရတဲ့ အမျိုးသားတဦးကို နတ်ဆရာမ အကူအညီနဲ့ ပြန်ရှာတွေ့နိုင်ခဲ့တယ်လို့ ဒေးလီးမေးလ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ဒီအဖြစ်အပျက်ဟာ ဇူလိုင် ၁၈ ရက် ညနေ ၆း၂၀ နာရီလောက်မှာ ဖြစ်ခဲ့တာဖြစ်ပြီး အသက် ၄၁ နှစ်အရွယ် ဆာရီဖူဒင်း အမည်ရတဲ့ အမျိုးသားဟာ မြစ်တခုထဲမှာ သူငယ်ချင်းတွေနဲ့ ရေဆင်းချိုးခဲ့တာပါ။ အဲဒီနောက် သူ့အား မိကျောင်းဆွဲခံခဲ့ရပြီး ရေအောက်ကို ဆွဲခေါ်သွားခဲ့ကာ ပျောက်ဆုံးသွားခဲ့ပါတယ်။ မိသားစုဝင်တွေနဲ့ ရွာသားတွေဟာ သူ့ကိုလိုက်ရှာဖို့ ကြိုးစားခဲ့ကြပေမယ့် ဘယ်လိုမှ ရှာမတွေ့နိုင်သလို ရဲတွေကပါ လက်လျှော့ခဲ့ရချိန်မှာတော့ ကျေးရွာတွင်းမှ မိကျောင်းခေါ် နတ်ဆရာမတဦးကို အကူအညီ တောင်းခဲ့ကြတာပါ။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ နတ်ဆရာမက အမိန့်ပေး ခေါ်လိုက်ချိန်မှာ ဆာရီဖူဒင်းကို ကိုက်ချီပြီး မြစ်ကမ်းတလျှောက် ရေပေါ် ပေါ်လာခဲ့တဲ့ မိကျောင်းကြီးကို လူတွေက ဝိုင်းအုံကြည့်ရှုနေခဲ့ကြတာကို တွေ့ရမှာပါ။ ဒါပေမယ့် သူကတော့ သေဆုံးပြီးဖြစ်ကာ ညာဘက်ခြမ်းနံရိုးတွေ ထိခိုက်ဒဏ်ရာ ရရှိခဲ့တာကလွဲပြီး တခြားထိခိုက်တာ မတွေ့ရပါဘူး။ ဒေသတွင်း ရဲအရာရှိချုပ်တဦးဖြစ်တဲ့ တာလီဆယန် ဖိုင်ဆယ်လ်ဟာမစ်ကတော့ “သေဆုံးသူရဲ့ သူငယ်ချင်းတွေက မိကျောင်းဆွဲခံခဲ့ရတာကို သတင်းပို့ခဲ့တယ်။ ကျနော်တို့လည်း အဲဒီညက လိုက်ရှာကြပါတယ်။ မတွေ့ခဲ့ပါဘူး။ နောက်တနေ့မနက်မှာ သူတို့က နတ်ဆရာမကို ခေါ်ပြီး မိကျောင်းခေါ်ချိန်မှာ သေဆုံးသူရဲ့ အလောင်းနဲ့အတူ ပြန်ပေါ်လာခဲ့တာပဲ။ ဒါ တကယ့်ကို ထူးဆန်းပါတယ်” လို့ ပြောပါတယ်။ အင်ဒိုနီးရှားနိုင်ငံရဲ့ ဒေသတွင်း ဆိုရိုးတွေအရ သေဆုံးသူဟာ ရေချိုးခဲ့ချိန်မှာ ကိုယ်လုံးတီးနဲ့ ချိုးခဲ့တာကြောင့် ခုလို မိကျောင်းဆွဲခံရတာဖြစ်ပြီး အဝတ်အစားနဲ့ချိုးတယ် ဆိုရင်တော့ မိကျောင်းဆွဲခံရမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
5 years Ago
Up