နတ်ကတော်

April 25, 2017

နတ်ပူးစဉ် ဓားသိုင်းကပြသည့် ထိုင်းနတ်ကတော် ဓားဖြင့်ထိုးမိပြီး သေဆုံး

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် ဆန်ကမ်ဖဲင်းမြို့နယ်ရှိ ထိုင်းနတ်ကတ်ေတဦးဟာ နတ်ပူးပြီး ဓားသိုင်းအက ကစဉ် မတော်တဆ ဓားနဲ့ထိုးမိပြီး သေဆုံးသွားခဲ့တယ်လို့ ချင်းမိုင်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။ ဧပြီ ၂၄ ရက် ညနေ ၃ နာရီကျော်က ပါဆဒ်ခွမ်ရပ်ကွက်ထဲမှာ လူတယောက် ဓားဒဏ်ရာပြင်းပြင်းထန်ထန် ရထားကြောင်း သတင်းပေးပို့ချက်အရ လူနာတင်ယာဉ်နဲ့အတူ အခင်းဖြစ်ပွားရာနေရာကို သွားရောက်စစ်ဆေးရာမှာ လူအုပ်တွေကြား သွေးအိုင်ထဲလဲကျနေတဲ့ လူရွယ်တဦးကို တွေ့ရှိရတယ်လို့ ဆန်ကမ်ဖဲင်းမြို့နယ်ရဲစခန်း တာဝန်ကျ ဒု-ရဲအုပ် ချိုင်းဝပ် ချေ့မိုင်းဖန်းက သတင်းထောက်ကို ပြောပါတယ်။ လူရွယ်ရဲ့ ဝဲဘက်ရင်အုံမှာ ဓားထိုးရာရှိပြီး သွေးတွေအလွန်အကျွံထွက်နေလို့ ကယ်ဆယ်ရေးအဖွဲ့တွေက သူ့ကို ဆေးရုံအမြန်ပို့ဆောင်ပေးခဲ့ပေမယ့် မကြာခင်မှာပဲ သေဆုံးသွားတယ်လို့ ဆိုပါတယ်။ စစ်ဆေးချက်အရ သေဆုံးသူဟာ အသက် ၂၅ နှစ်ရွယ်ရှိ နိုင်းထိပ်ရစ် ဘာလီဆိုသူ အမျိုးသားတဦးဖြစ်ပြီး လန့်နားဒေသ ရိုးရာနတ်ဝင်သည်တဦးဖြစ်ကြောင်း၊ နတ်ကတော်ဖြစ်နေတာ ၆ နှစ် ၇ နှစ်ရှိပြီဖြစ်ကြောင်း၊ နတ်ပူးတဲ့အခါ ရိုးရာဓား ၂ လက်သိုင်းအကကို ကျွမ်းကျွမ်းကျင်ကျင် ကပြနိုင်ပေမယ့် အခင်းဖြစ်တဲ့နေ့မှာတော့ ဓားဦးက မတော်တဆ ရင်ဝကို ထိုးစိုက်ဝင်သွားပြီး သူက ပြန်ပြီးဆွဲနုတ်လိုက်တဲ့အခါ တခါတည်းလဲကျသွားတာလို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ သူသေဆုံးရတဲ့အပေါ် ကျန်ရစ်သူမိသားစုတွေက တစုံတရာ သံသယမရှိပေမယ့် ရဲတပ်ဖွဲ့ကတော့ တာဝန်အရ သေဆုံးရတဲ့အကြောင်းရင်းကို ဆက်လက်စစ်ဆေးသွားမယ်လို့ တာဝန်ကျ ဒု-ရဲအုပ်က ပြောပါတယ်။
4 years Ago
Up