နေမာရဲ့ ဒဏ်ရာအခြေအနေ ပြင်းထန်ဖွယ်ရှိပြီး အခြေအနေ သိရဖို့ စကင်ရလဒ်ကို စောင့်ဆိုင်းနေတယ်လို့ ပီအက်စ်ဂျီ နည်းပြ သောမတ်စ်တူချယ်က ဒီဇင်ဘာ ၁၄ ရက်မှာ ပြောပါတယ်။
လိုင်ယွန်အသင်းကို အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ပီအက်စ်ဂျီ တိုက်စစ်မှူးဟာ ဒဏ်ရာရရှိသွားခဲ့တာ ဖြစ်ပြီး ကွင်းထဲကနေ ထမ်းစင်နဲ့ သယ်ထုတ်သွားခဲ့ရပါတယ်။
နေမာရဲ့ပုံစံအရ ဒဏ်ရာဟာ ပြင်းထန်တယ်လို့ ယူဆရပြီး တချို့သတင်းတွေမှာတော့ ခြေချင်းဝတ် ကျိုးသွားတာလို့ ဖော်ပြကြပါတယ်။
တနင်္ဂနွေနေ့ပွဲမှာ ပီအက်စ်ဂျီအသင်းဟာ ၁ ဂိုး ဂိုးမရှိနဲ့ရှုံးနိမ့်ခဲ့တာဖြစ်ပြီး နေမာဟာ ပြိုင်ဘက် ကစားသမား တီယာဂိုမန်းဒက်စ်နဲ့ ထိမိကာ ဒဏ်ရာရရှိခဲ့တာလည်း ဖြစ်ပါတယ်။
ဒဏ်ရာရလို့ လဲကျသွားချိန်မှာ ဝေဒနာကြောင့် နေမာဟာ မျက်ရည်စက်လက် ဖြစ်နေခဲ့ရပြီး VAR နဲ့ ပြန်လည်သုံးသပ်ပြီးချိန်မှာ မန်းဒက်စ်ကို အနီကတ်ပြ ထုတ်ပယ်လိုက်ပါတယ်။
နေမာရဲ့ ဒဏ်ရာနဲ့ပတ်သက်လို့ ပွဲအပြီး မေးမြန်းမှုမှာ ပီအက်စ်ဂျီနည်းပြ တူချယ်က “အခုချိန်အထိ ဘာသတင်းမှ မသိရသေးပါဘူး။ သူ့ကို ဆရာဝန်တွေ ပြုစုနေပြီးတော့ ဒဏ်ရာ အတိမ်အနက်ကို မနက်ဖြန် စစ်ဆေးမှုတွေပြီးမှ သိရမှာပါ” လို့ ပြောပါတယ်။
အားထားရတဲ့ တိုက်စစ်မှူးနေမာ ဒဏ်ရာရရှိသွားခဲ့မှုက ပီအက်စ်ဂျီအသင်းအတွက် ထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့ပြီး ပီအက်စ်ဂျီအသင်းဟာလည်း ဒီရာသီ ၄ ပွဲမြောက် လီဂူး ရှုံးပွဲနဲ့ ကြုံတွေ့သွားခဲ့ရပြီ ဖြစ်ပါတယ်။
လိုင်ယွန်အသင်းကို ရှုံးနိမ့်မှုကြောင့် ပီအက်စ်ဂျီရဲ့ ဒီရာသီ လီဂူး ပွဲဦးထွက် ၁၄ ပွဲ မှာ ရှုံးပွဲ ၄ ပွဲအထိ ရှိလာပြီး ဒါဟာ အဆင့် ၁၃ နဲ့ ရာသီသိမ်းခဲ့တဲ့ ၂၀၀၉-၁၀ နောက်ပိုင်း အဆိုးရွားဆုံး ရလဒ်လည်း ဖြစ်ပါတယ်။
တနင်္ဂနွေနေ့ ရလဒ်ကြောင့် ပီအက်စ်ဂျီဟာ အဆင့် ၃ နေရာကို ရောက်ရှိသွားခဲ့ပြီဖြစ်ပြီး ထိပ်ဆုံးက အသင်း ၂ သင်းနဲ့ ၁ မှတ် ကွာခဲ့ပြီ ဖြစ်ပါတယ်။
ဒါကြောင့် နည်းပြ တူချယ်ဟာလည်း ဖိအားတွေအောက် ရောက်ရှိသွားခဲ့ပြန်ပါပြီ။
တူချယ်က “ဒီလို ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပွဲမျိုးအတွက် ကျနော်တို့ အဆင်သင့်ဖြစ်မနေခဲ့ဘူးဆိုတာ ရှင်းလင်းပါတယ်။ ကျနော်တို့ ကစားသမားတွေဟာ အန္တရာယ်ရှိတဲ့ အနေအထားမှာ လွယ်လွယ်ကူကူပဲ အမှားတွေ လုပ်ခဲ့ကြပါတယ်” လို့ ပွဲအပြီးမှာ ပြောပါတယ်။
ဒီပွဲမှာ တူချယ်ရဲ့ အသင်းသားတွေဟာ ဂိုးပေါက်ခြိမ်းခြောက်မှု ၇ ကြိမ်သာ ရှိခဲ့ပါတယ်။
4 months Ago