နည်းပြဟောင်း ဗယ်ဗာဒီ

February 7, 2020

အားကစားဒါရိုက်တာ အဘီဒဲနှင့်ကိစ္စမေ့ပစ်ပြီး အသင်းအောင်မြင်ရေး အာရုံစိုက်မည်ဟု မက်ဆီပြော

အားကစားဒါရိုက်တာ အဘီဒယ်နဲ့ဖြစ်ခဲ့တဲ့ကိစ္စကို နောက်မှာချန်ထားရစ်ခဲ့ပြီလို့ ဘာစီလိုနာတိုက်စစ်မှူး   လီယွန်နယ်မက်ဆီက အသင်းကို အခိုင်အမာပြောကြားခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။  ဘာစီလိုနာအသင်းရဲ့ အားကစားဒါရိုက်တာ အဘီဒဲက ကစားသမားတွေကြောင့် နည်းပြဟောင်း ဗယ်ဗာဒီထုတ်ပယ်ခံရတာလို့ လူသိရှင်ကြားပြောဆိုခဲ့ပါတယ်။  ဒီပြောဆိုမှုကို မက်ဆီက “အဘီဒဲအနေနဲ့ နည်းပြကို ထွက်အောင်လုပ်တယ်လို့ သူ ထင်တဲ့ကစားသမားရဲ့ နာမည်ကိုထုတ်ပြောသင့်ပြီးတော့ ဒီလိုမှမဟုတ်ရင် ဒါဟာ  ကစားသမားအားလုံးကို နာမည်ဖျက်နေတာပဲ” လို့ သူ့အင်စတာဂရမ်ကနေ တုံ့ပြန်ခဲ့ပါတယ်။  ဒီလိုအပြန်အလှန်  ပြောဆိုမှုတွေ ပေါ်ထွက်လာခဲ့တာကြောင့် ဘာစီလိုနာဥက္ကဋ္ဌ ဂျိုးဆက် မာရီယာ ဘာတိုမြူဟာ စပိန်ကိုရောက်ရှိလာခဲ့ပြီး အဘီဒဲအပြင် အသင်းရဲ့စီအီးအို အော်စကာ ဂီရူးတို့နဲ့ တွေ့ဆုံကာ ဒီကိစ္စကို အပြီးသတ်ရှင်းလင်းခဲ့ပါတယ်။  မက်ဆီရဲ့ အင်စတာဂရမ်မှာ ရေးသားမှု ပေါ်ထွက်လာခဲ့ပြီးတဲ့နောက်ပိုင်း ဘာတိုမြူဟာ မက်ဆီကို သုံးကြိမ်တိတိဖုန်းဆက်ခဲ့တယ်လို့ ESPN သတင်းမှာဖော်ပြပါတယ်။  အဲ့ဒီနောက်မှာ မက်ဆီက ဒီဖြစ်ရပ်ကို မေ့ပစ်လိုက်ဖို့ သူ့အနေနဲ့ပြင်ဆင်ထားပြီးဖြစ်ပြီး လက်ကျန်ဘောလုံးရာသီမှာ အသင်းအတွက် အောင်မြင်မှုတွေရရှဖို့ကိုသာ အာရုံစိုက်သွားမယ်လို့ ဥက္ကဋ္ဌကို ပြန်လည်ပြောဆိုခဲ့ပါတယ်။  အဘီဒဲနဲ့ အသင်းဥက္ကဋ္ဌတို့ ရဲ့ဆွေးနွေးမှုဟာ နှစ်နာရီလောက်ကြာမြင့်ခဲ့တယ်လို့သိရပြီးတော့ ဆွေးနွေးပွဲအပြီးမှာ အားလုံးက ဒီကိစ္စကို မေ့ပစ်လိုက်ဖို့ သေဘာတူခဲ့တယ်လို့သိရပါတယ်။  ဒီဖြစ်ရပ်ပြီးနောက် အဘီဒဲဟာ ရာထူးကနေ ထုတ်ပယ်ခံရနိုင်တယ်လို့ စပိန်ကလာတဲ့ သတင်းတွေမှာ ဖော်ပြခဲ့ကြပေမယ့် ဘာစီလိုနာ နောက်ခံလူဟောင်းဟာ အသင်းရဲ့ အားကစားဒါရိုက်တာရာထူးမှာ ဆက်ရှိနေမှာဖြစ်ပါတယ်။  ဘာစီလိုနာအသင်းဟာ နည်းပြဟောင်း ဗယ်ဗာဒီကို ပြီးခဲ့တဲ့လမှာ ထုတ်ပယ်ခဲ့ပြီးတော့ သူ့နေရာမှာ ဘက်တစ်နည်းပြဖြစ်သူ ဆက်တီယန်နဲ့အစားထိုးခဲ့ပါတယ်။  ဒီလိုနည်းပြအပြောင်းအလဲတွေ လုပ်ဆောင်နိုင်ခဲ့ပေမယ့် ဇန်နဝါရီဈေးကွက်မှာ ကစားသမားအင်အားဖြည့်တင်းမှု မရှိခဲ့တာကြောင့် အသင်းပရိတ်တွေကတော့ စိတ်ပျက်နေကြတယ်လို့ သိရပါတယ်။ အသင်းရဲ့အားထားရတဲ့ တိုက်စစ်မှူး လူးဝစ္စဆွာရက်ဟာ ဒဏ်ရာကြောင့် အနားယူနေရပေမယ့် အသင်းဘက်က တိုက်စစ်ကစားသမားသစ် ခေါ်ယူခြင်းမရှိခဲ့ဘဲ နောက်ထပ်တိက်စစ်ကစားသမားတဦးဖြစ်တဲ့ အူစမန်ဒမ်ဘီလီပါ ထပ်မံဒဏ်ရာရခဲ့တာကြောင့်  ဒီအခြေအနေဟာ ပိုပြီးတော့ ဆိုးရွားလာဖို့ရှိနေပါတယ်။ 
1 year Ago
Up