နည်းပြလမ်းပတ် စီစဉ်နေ

February 5, 2020

ချဲလ်ဆီး ဂိုးသမားသစ် အစားထိုးခေါ်ယူရန် နည်းပြလမ်းပတ် စီစဉ်နေ

လက်စွမ်း တည်ငြိမ်မှုမရှိတဲ့ ဂိုးသမား ကီပါအရစ်ဇာဘာလာဂါရဲ့ နေရာကို အစားထိုးဖို့အတွက် ချဲလ်ဆီးလ်နည်းပြ ဖရန့်လမ်းပတ်က နစ်ပုပ်နဲ့ ဗင်းဆင့်တီဂိုင်တာတို့ကို ပစ်မှတ်ထားနေပါတယ်။ စပိန် လက်ရွေးစင်ဂိုးသမားရဲ့ တည်ငြိမ်မှုကို စိတ်ပျက်နေတဲ့ လမ်းပတ်က သူ့ကို လာမယ့်အပြောင်းအရွှေ့မှာ ရောင်းချဖို့ အသင်းဘုတ်အဖွဲ့ကို တောင်းဆိုထားတာကြောင့် အသက် ၂၅ နှစ်အရွယ် ဂိုးသမားဟာ မကြာခင်မှာပဲ အသင်းကနေ ထွက်ခွာရဖွယ်ရှိနေပါတယ်။ လမ်းပတ်ဟာ လက်စတာနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပြီးခဲ့တဲ့သီတင်းပတ် ပွဲစဉ်မှာလည်း ကီပါကို အရန်ခုံကိုပို့ခဲ့ပြီး သူ့နေရာမှာ အရန်ဂိုးသမားတဦးဖြစ်တဲ့ ဝီလီကာဘဲလ်လီရိုကို ပွဲထွက်စေခဲ့ပါတယ်။  “ဒီဆုံးဖြတ်ချက်ကို ကျနော် သေသေချာချာ ချမှတ်ခဲ့တာပါ။ သူတို့နှစ်ဦးဟာ အတူတကွ လေ့ကျင့်နေကြသူတွေ ဖြစ်ပြီးတော့ နီးကပ်တဲ့ ဆက်ဆံရေးလည်း ရှိကြပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ ကျနော် ချမှတ်ရမယ့်အရာ ဖြစ်ပြီးတော့ ကျနော် ဝီလီကို ယုံကြည်မှုရှိပါတယ်။ သူဟာ ပရော်ဖက်ရှင်နယ် ပီသသူပါ” လို့ လက်စတာနဲ့ တဖက် ၂ ဂိုးစီ သရေကျခဲ့တဲ့ ပွဲအပြီးမှာ လမ်းပတ်က ပြောပါတယ်။ ပြီးခဲ့တဲ့ နှစ်နှစ်ကျော်အချိန်တုန်းက ချဲလ်ဆီးအသင်းဟာ ကီပါကို ဂိုးသမားတွေအတွက် စံချိန်တင် ပြောင်းရွှေ့‌ကြေးဖြစ်တဲ့ ပေါင် ၇၁ ဒသမ ၆ သန်းနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ကီပါဟာ ချဲလ်ဆီး ကစားသမားဘဝအစပိုင်းမှာ လက်စွမ်းပြနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သူ့တန်ကြေးနဲ့ကိုက်ညီတဲ့ လက်စွမ်းကို ဆုံးရှုံးခဲ့ရပါတယ်။ ကီပါကို ခေါ်ယူရာမှာ အဓိကကျခဲ့တဲ့ ချဲလ်ဆီး အားကစားဒါရိုက်တာ မာရီနာ ဂရာနို ဗက်စကီရာက ကီပါကို ဝယ်ခဲ့တဲ့ဈေးထက် လျော့နည်းတဲ့ဈေးနဲ့ ရောင်းထုတ်သွားဖို့ဆန္ဒ မရှိပေမယ့် လမ်းပတ်ကတော့ ဘန်လေ ဂိုးသမားနဲ့ နစ်ပုပ်နဲ့ ခရစ္စတယ်ပဲလေ့စ် ဂိုးသမား ဂိုင်တာတို့ကို ရာသီပစ်မှတ်အဖြစ် သတ်မှတ်ထားပြီးခဲ့ပြီလို့ Daily Mirror သတင်းမှာ ဖော်ပြပါတယ်။  လက်စတာအသင်းနဲ့ပွဲစဉ်မှာ ကီပါကို ကျော်ပြီး ပွဲထွက်ခွင် ရခဲ့တဲ့ ဂိုးသမား ကာဘဲလ်လီရိုဟာလည်း သူ့ရဲ့စွမ်းဆောင်ရည်အပေါ်  ကျေနပ်မှုရှိတယ်လို့ ထုတ်ဖော်ပြောဆိုပါတယ်။
1 year Ago
Up