နည်းပြကွန်တီ

November 4, 2020

အင်တာမီလန်အသင်း ရီးရဲလ်ကို ရှုံးနိမ့်၊ အုပ်စုတက်ရန် မျှော်လင့်ချက်ရှိဟု နည်းပြကွန်တီပြော

ရီးရဲလ်မက်ဒရစ်အသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ရှုံးနိမ့်ခဲ့ပေမယ့် အသင်းရဲ့စွမ်းဆောင်ရည်အပေါ် ‌ကျေနပ်မိကြောင်းနဲ့ အင်တာမီလန်အသင်းဟာ ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ ၁၆ သင်းအဆင့်ကို ရောက်ဖို့ မျှော်လင့်ချက်ရှိနေသေးကြောင်း နည်းပြအန်တီနီယိုကွန်တီက ပြောပါတယ်။  မနေ့ညက စပိန်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်မှာ အင်တာမီလန်အသင်းဟာ ရီးရဲလ်အသင်းကို ၂ ဂိုးပြတ်ရှုံးနိမ့်နေရာကနေ သရေကျအောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့် ပွဲပြီးဖို့ ၁၀ မိနစ်အလိုမှာ ပေးလိုက်ရတဲ့ ရိုဒရီဂိုရဲ့အနိုင်ဂိုးကိုတော့ ပြန်ချေပနိုင်ခဲ့ခြင်းမရှိလို့ ရှုံးနိမ့်ခဲ့တာပါ။ ဒီပွဲမှဦ ဟာကီမီရဲ့ နောက်ပြန်ပေးမှုကနေတစ်ဆင့် တိုက်စစ်မှူးဘန်ဇီမာက ရီးရဲလ်အတွက် ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး ရာမို့စ်က ဒုတိယဂိုးသွင်းယူခဲ့ပါတယ်။ အဖွင့်ဂိုးမှာ ဟာကီမီကို မန်ဒီက သိသိသာသာ ပြစ်ဒဏ်ကျူးလွန်ခဲ့တဲ့ပုံစံမျိုး ဖြစ်ခဲ့ပေမယ့် နည်းပြကွန်တီကတော့ ဒီကိစ္စကို စာဒကတက်မနေနဲ့ အသင်းရဲ့ခံစစ်ကစားပုံကိုသာ အပြစ်တင်ခဲ့ပါတယ်။ လူတာရိုမာတီနက်ဇ်နဲ့ အိုင်ဗန်ပါရီဆစ်တို့ကတော့ အင်တာမီလန်အသင်းအတွက် ချေပဂိုးတွေ သွင်းယူပေးခဲ့ပါတယ်။ မာတီနက်ဇ်ဟာ ချန်ပီယံလိဂ်မှာ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာအသင်းဘက်ကို ဂိုးသွင်းနိုင်ခဲ့တဲ့ တစ်ဦးတည်းသော ၁၉၉၆ ခုနှစ်ဖွားကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။  ဒီပွဲနဲ့ပတ်သက်ပြီး နည်းပြကွန်တီက “ကျနော့်အမြင်မှာတော့ အင်တာမီလန်အသင်းဟာ ဒီပွဲမှာ အခွင့်အရေးပိုရခဲ့ပါတယ်။ အသင်းက ပြသခဲ့တဲ့ စိတ်ဓာတ်နဲ့ နိုင်ပွဲဆာလောင်မှုကို သဘောကျပါတယ်။ အသင်းဟာ တိုးတက်နေဆဲဖြစ်ပြီးတော့ ရလဒ်ကတော့ ကျနော်တို့ ကြိုးစားခဲ့သလို ဖြစ်မလာခဲ့ပါဘူး” လို့ ပြောပါတယ်။ ဒီရလဒ်ကြောင့် အင်တာအသင်းဟာ အုပ်စု ဘီမှာ ၃ ပွဲကစား ရမှတ် ၂ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အောက်ဆုံးကိုရောက်ရှိသွားခဲ့ပြီး လာမယ့်ပွဲစဉ်မှာ ရီးရဲလ်အသင်းကို အိမ်ကွင်းမှာ လက်ခံကစားရတော့မှာ ဖြစ်ပါတယ်။ အင်တာမီလန်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ် ၇ ပွဲမှာ ၁ ပွဲသာ အနိုင်ရရှိခဲ့ပေမယ့် နည်းပြကွန်တီကတော့ သူ့အသင်းရဲ့စွမ်းဆောင်ရည်ကို ကျေနပ်မိတယ်လို့ ပြောပါတယ်။  “နောက်ဆုံးရလဒ်က ကျနော်နဲ့ ကစားသမားတွေအတွက် ခါးသီးစေပါတယ်။ ဒီလိုပွဲမျိုးဟာ တိုးတက်ဖို့ရှိနေသေးတယ်ဆိုတာကို ပြသခဲ့ပြီး ရီးရဲလ်အသင်းမှာ အသင်းဘယ်လောက်များများက ဒီလိုကစားနိုင်ခဲ့လဲဆိုတာတော့ မသိပါဘူး။ ကျနော်တို့  ၂ ဂိုးပြတ်ရှုံးနိမ့်နေရာကနေ ပြန်လာနိုင်ခဲ့ပြီး အခွင့်ရေးတွေကို လွဲချော်ခဲ့ပါတယ်”  လို့ ပွဲအပြီးမှာ ကွန်တီက ပြောပါတယ်။ အင်တာမီလန်အသင်းအနေနဲ့ အုပ်စုပွဲစဉ် ၃ ပွဲကျန်သေးတဲ့အတွက် အများဆုံး ၉ မှတ်အထိရရှိနိုင်သေးပြီး အုပ်စုကနေ ကျော်နိုင်ဖို့ တတ်နိုင်သလောက် ကြိုးစားသွားပါမယ်လို့ ကွန်တီက ပြောပါတယ်။ မနေ့ညက ပွဲစဉ်မှာ  အင်တာမီလန်အသင်းဟာ ဂိုးပေါက်ကန်သွင်းမှုမှာ ရီးရဲလ်အသင်းနည်းတူ ၁၂ ကြိမ်ရှိခဲ့ပေမယ့် ဂိုးပေါက်တည့်မှုကတာ့ ၃ ကြိမ်သာ ရှိခဲ့ပါတယ်။ ရီးရဲလ်အသင်းကတော့ ဂိုးပေါက်တည့်မှု ၇ ကြိမ်အထိ ရှိခဲ့ပါတယ်။
5 months Ago

May 13, 2020

လမ်းပတ်မှာ အကောင်းဆုံးနည်းပြဖြစ်လာနိုင်သည့်  အရည်အချင်းရှိဟု နည်းပြကွန်တီ ချီးကျူး

နည်းပြလမ်းပတ်မှာ ကမ္ဘာ့အကောင်းဆုံးနည်းပြတဦး ဖြစ်လာနိုင်မယ့် အရည်အချင်းတွေ ရှိတယ်လို့ ချဲလ်ဆီးနည်းပြဟောင်း ကွန်တီက ချီးကျူး ပြောကြားလိုက်ပါတယ်။ လမ်းပတ်ဟာ ဒါဘီအသင်းမှာ တရာသီကြာ နည်းပြအဖြစ် တာဝန်ယူခဲ့ပြီးနောက် ပြီးခဲ့တဲ့ရာသီက ချဲလ်ဆီးနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရတာပါ။ လမ်းပတ်ဟာ ကစားသမားဝယ်ယူခွင့် မရခဲ့ပေမယ့်လည်း ချဲလ်ဆီးအသင်းကို လူငယ်ကစားသမားတွေနဲ့ စုဖွဲ့ပြီး လမ်းကြောင်းမှန်ပေါ်ရောက်အောင် ဦးဆောင်နိုင်ခဲ့ပါတယ်။  လက်ရှိအချိန်မှာ အင်တာမီလန်ကို ကိုင်တွယ်နေတဲ့ ချဲလ်ဆီးနည်းပြဟောင်း ကွန်တီကတော့ လမ်းပတ်ဟာ ချဲလ်ဆီးမှာ အကောင်းဆုံးလုပ်ဆောင်နေပြီး နည်းပြအတွေ့အကြုံမရှိဘဲ ထိပ်တန်းအသင်းကို ကိုင်တွယ်ရတာဟာ မလွယ်ကူကြောင်း၊ လမ်းပတ်မှာ ကမ္ဘာ့အကောင်းဆုံး နည်းပြတဦး ဖြစ်လာနိုင်တဲ့ ကျွမ်းကျင်မှုနဲ့ အရည်အချင်းတွေရှိကြောင်း နည်းပြကွန်တီက ချီးကျူးခဲ့ပါတယ်။
11 months Ago
Up