အမေရိကန်နဲ့ သြစတြေးလျ ကာကွယ်ရေးအကြီးအကဲတွေ စက်တင်ဘာ ၁၅ ရက်က တွေ့ဆုံကြပြီး သမိုင်းဝင် နည်းပညာကာကွယ်ရေး သဘောတူစာချုပ် ချုပ်ဆိုကြောင်း ကြေညာဖို့ ပြင်ဆင်နေကြပါတယ်။
နှစ်နိုင်ငံကြား ကာလကြာရှည် မိတ်ဖက်ဖြစ်မှုကို တမူကွဲထွက်နေတဲ့ နည်းလမ်းသစ်တွေနဲ့ ဆက်အား ဖြည့်မယ်လို့ ဆွေးနွေးပွဲတွေအတွင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုဒ်အော်စတင်က သြစတြေးလျကာကွယ်ရေးဝန်ကြီး ပီတာဒတ်တွန်ကို ပြောခဲ့ပါတယ်။
ဝါရှင်တန်ကိုရောက်နေတဲ့ သြစတြေးလျ ကာကွယ်ရေးဝန်ကြီးဟာ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး မာရိစ်ပိန်းနဲ့အတူ ၂ ရက်အတွင်း အစည်းအဝေး အတော်များများကို တက်ရောက်ခဲ့ပါတယ်။
ဒီညနေပိုင်းမှာတော့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ ဗြိတိန်နဲ့ သြစတြေးလျ အရာရှိ အုပ်စုတွေနဲ့အတူ အဆင့်မြင့်နည်းပညာတွေ မျှဝေရေးအစီအစဉ်ကို ကြေညာဖို့ စီစဉ် ထားပါတယ်။
AUUKUS လို့ သိကြတဲ့ လုပ်ငန်းအုပ်စုဟာ နိုင်ငံ ၃ နိုင်ငံကြား မှတ်ဉာဏ်တု နည်းပညာ၊ ဆိုင်ဘာနည်းပညာနဲ့ ရေအောက်သုံး နည်းစနစ်တွေ၊ တာဝေး ပစ်ခတ်နိုင်စွမ်းတွေစတဲ့ နယ်ပယ်တွေက သတင်းအချက်အလက်တွေကို မျှဝေဖို့ ဖွဲ့ထားတာလို့ အိမ်ဖြူတော် အရာရှိ တယောက်နဲ့ အောက်လွှတ်တော် ဝန်ထမ်းတယောက်ကို ကိုးကားပြီး ပိုလစ်တစ်ကို သတင်းဌာနက သတင်းထုတ်ထားပါတယ်။