နည်းပြ ရေနီယာရီကို လက်စတာအသင်း ထုတ်ပယ်

February 24, 2017

နည်းပြ ရေနီယာရီကို လက်စတာအသင်း ထုတ်ပယ်

ပရီးမီးယားလိဂ်ချန်ပီယံ လက်စတာစီးတီးအသင်းဟာ နည်းပြ ရေနီယာရီကို ဖေဖော်ဝါရီ ၂၃ ရက်နေ့က ရာထူးက ထုတ်ပယ်လိုက်ပါတယ်။ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်အဖြစ် စပိန်ကလပ် ဆီဗီလာနဲ့ ပထမအကျော့ယှဉ်ပြိုင်ရာ ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး မကြာခင်မှာပဲ နည်းပြကို ထုတ်ပယ်လိုက်တယ်လို့ ကလပ်အသင်းက ကြေညာခဲ့တာပါ။ လက်စတာအသင်းဟာ အီတလီလူမျိုး ရေနီယာရီကို နည်းပြအဖြစ် ၂၀၁၅ ဇူလိုင်လက ခန့်အပ်ခဲ့ပြီး သူဟာ အသင်းကို ၂၀၁၅-၁၆ ဘောလုံးရာသီမှာပဲ ပရီးမီးယားလိဂ် အမှတ်ပေးချန်ပီယံရရှိအောင် ဦးဆောင်မှုပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ကလပ်အသင်းက သူ့ကို မနှစ် သြဂုတ်လမှာ လေးနှစ်သက်တမ်းရှိ စာချုပ်သစ်တရပ် ချုပ်ဆိုခဲ့တာပါ။ ဒါပေမယ့် လက်စတာအသင်းဟာ ဒီနှစ်ဘောလုံးရာသီမှာ ရလဒ်တွေမကောင်းခဲ့ဘဲ လိဂ်ဖလား၊ အက်ဖ်အေဖလားပြိုင်ပွဲတွေက ထွက်ခဲ့ရသလို ပရီးမီးယားလိဂ်မှာလည်း တန်းဆင်းဇုန်အထက် အဆင့် ၁၇ နေရာမှာ ရောက်နေပါတယ်။ လက်စတာအသင်းဟာ နည်းပြသစ် မခန့်ခင် လက်ထောက်နည်းပြက တာဝန်ယူထားမှာဖြစ်ပြီး လာမယ့် ဖေဖော်ဝါရီ ၂၈ ရက်နေ့ကျရင် လီဗာပူးအသင်းကို အိမ်ကွင်းမှာ ဧည့်ခံယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
4 years Ago
Up