ချဲလ်ဆီးနည်းပြ ကွန်တီဟာ မိမိကို ရာဇဝတ်သားတဦးလို ဆက်ဆံခဲ့တယ်လို့ အသင်းတိုက်စစ်မှူး ဒီယေဂိုကော်စတာက ပြောကြားလိုက်ပါတယ်။
ချဲလ်ဆီးနည်းပြ ကွန်တီဟာ ဒီယေဂိုကော်စတာကို အသင်းရဲ့ အနာဂတ်အစီအစဉ်တွေမှာ မပါဝင်တော့ဘူးလို့ မက်ဆေ့ခ်ျပို့ ပြောကြားထားတာပါ။
ကော်စတာအနေနဲ့ အရန်အသင်းနဲ့ပဲ လေ့ကျင့်ခန်းဆင်းဖို့ ပြစ်ဒဏ်ချမှတ်ထားပေမယ့် ချဲလ်ဆီးအရန်အသင်းနဲ့ လေ့ကျင့်ခန်း မပြုလုပ်လိုတာကြောင့် ဘရာဇီးနိုင်ငံမှာ အနားယူလျက်ရှိပါတယ်။
သြဂုတ် ၁၂ ရက်က ကစားခဲ့တဲ့ ချဲလ်ဆီးအသင်းရဲ့ ပွဲစဉ်ကိုလည်း တီဗွီကနေတဆင့် ကော်စတာ ကြည့်ရှုခဲ့ပြီး အနီကတ်က ပွဲရဲ့ အလှည့်အပြောင်း ဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။
ကော်စတာအနေနဲ့ ချဲလ်ဆီးအသင်းဆီ ပြန်သွားတော့မှာမဟုတ်ဘဲ အသင်းဟောင်း အက်သလက်တီကို မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့ချင်ပြီး နည်းပြ ဆီမြွန်နီ ကိုယ်တိုင်ကလည်း သူ့ကို အလိုရှိနေတယ်လို့ ကော်စတာက ပြောပါတယ်။
ချဲလ်ဆီးအသင်းဟာ မိမိကို တရုတ်ကလပ်တွေဆီ ရောင်းချလိုနေပြီး ဘာသာစကား အခက်အခဲမရှိတဲ့ စပိန်မှာပဲ ပြန်ကစားချင်တယ်လို့လည်း ကော်စတာက ဆိုပါတယ်။
ကော်စတာအနေနဲ့ နွေရာသီ အပြောင်းအရွှေ့ဈေးကွက် ပိတ်တဲ့အချိန်ထိ ချဲလ်ဆီးအသင်းက ထွက်ခွာခွင့်မပေးဘူးဆိုရင် အက်သလက်တီကို အသင်းမှာပဲ လေ့ကျင့်ခန်းဆင်းဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
5 years Ago