နည်းပြညာပြပွဲ

January 10, 2019

အမေရိကန်တွင် ကမ္ဘာ့အကြီးဆုံး နည်းပညာပြပွဲ ကျင်းပ

အမေရိကန်နိုင်ငံ လာ့စ်ဗီးဂတ်မြို့မှာ ကျင်းပတဲ့ ကမ္ဘာ့အကြီးဆုံး နည်းပညာပြပွဲကို လိပ်သွင်းလို့ရတဲ့ တီဗွီတွေ၊ ရိုဘော့စက်ရုပ်တွေနဲ့ ဖွင့်လှစ်လိုက်ပါတယ်။ သုံးစွဲသူ အီလက်ထရွန်းနစ်ပြပွဲ (CES) ကို ဇန်နဝါရီ ၈ ရက်နေ့က ဖွင့်လှစ်ပြီး ထောင်နဲ့ချီတဲ့ နည်းပညာ ဝါသနာအိုးတွေဟာ နောက်ဆုံးပေါ် တီထွင်ဆန်းသစ်မှုတွေကို လာရောက် လေ့လာခဲ့ပါတယ်။ အဲဒီပြပွဲမှာ အသုံးမလိုချိန် စားပွဲအတွင်း လိပ်သွင်းနိုင်တဲ့ LG ကုမ္ပဏီထုတ် တီဗွီကို ဧည့်ပရိသတ်ထောင်ချီ အကြိုက်တွေ့ခဲ့ပါတယ်။ “ဒါကတော့ ကျနော်တို့ရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ OLED TV R Series အသစ်ပဲ ဖြစ်ပါတယ်။ ဒါဟာ လိပ်သွင်းလို့ရတဲ့ ပထမဆုံး တီဗွီ အမျိုးအစားပါ။ အရွယ်အစားက ၆၅ လက်မ၊ အချင်းကတော့ 4K ဖြစ်ပါတယ်။ ဒါကတော့ တီဗွီဒီဇိုင်းမှာ တကယ့်ကို ဆန်းသစ်မှုပဲ ဖြစ်ပါတယ်။ အရင်တုန်းက အခန်းထဲမှာ တီဗွီထားမယ်ဆိုရင် ပြတင်းပေါက်ရှေ့မှာ ထားလို့မရဘူး။ အခန်းအလယ်ကောင်မှာ ထားလို့မရဘူး။ အခုလို လိပ်သွင်းလို့ရတဲ့ တီဗွီနဲ့ဆိုရင် ထားလို့ရသွားပြီ” လို့ LG ELECTRONICS USA ရဲ့ သင်တန်းမန်နေဂျာ ဘော့လော်တန်က ပြောပါတယ်။ အဲဒီပြပွဲမှာ ရိုဘော့တွေကို နေရာတိုင်းလိုလို မြင်တွေ့ရပြီး ရိုဘော့နဲ့အတူ ပင်ပေါင်ရိုက်တာကိုလည်း မြင်တွေ့ရပါတယ်။ ပြပွဲမှာ ရေအောက်ရိုဘော့တွေထွင်တဲ့ တရုတ်ကုမ္ပဏီ VxFly က ကလေးတွေ ရေကူးသင်ရာမှာ အထောက်အကူဖြစ်စေဖို့ အီလက်ထရွန်းနစ် တွန်းအားသုံး ရေကူးဘုတ်ပြားကိုလည်း မိတ်ဆက်ထားပါတယ်။ အဲဒီ ကမ္ဘာ့အကြီးဆုံး နည်းပညာပြပွဲကို ဇန်နဝါရီ ၁၁ ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။
2 years Ago
Up