နည်းပညာသစ်

March 16, 2019

ဆိုင်ကယ်များကို နည်းပညာသစ်ဖြင့် ပြုပြင်ပေးနိုင်ရန် မြိတ်မြို့တွင် သင်တန်းပို့ချ

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့မှာ ဆိုင်ကယ်တွေကို နည်းပညာသစ်နဲ့ ပြုပြင်ပေးနိုင်ဖို့ မတ်လ ၁၅ ရက်နေ့က မြိတ်ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးမှာ သင်တန်းပို့ချပေးခဲ့ပါတယ်။ “ဆိုင်ကယ်ဝပ်ရှော့ ညီအစ်ကိုများအဖွဲ့" က ဦးဆောင်ပြီး ထိုင်းနိုင်ငံ ANT TECH ကုမ္ပဏီက ပညာရှင်တွေကို ဖိတ်ခေါ်ကာ ဒီသင်တန်းကို စီစဉ်ခဲ့ကြတာပါ။ "ကျနော်တို့ကုမ္ပဏီက မြိတ်ခရိုင်ထဲက ဝပ်ရှော့ဆရာတွေကို နည်းပညာသစ်တွေ လာပြီးပို့ချပေးတာပါ။ ခုနောက်ပိုင်းမှာ တနှစ်ထက်တနှစ် နည်းပညာမြင့်လာတော့ ပြုပြင်ရေးပိုင်းမှာ အားနည်းချက်တွေရှိလာတယ်။ ဒါကြောင့် မြိတ်ကဆရာတွေဖိတ်ခေါ်လို့ နည်းပညာသစ်တွေကို လာရောက်ပို့ချပေးတာ ဒီတကြိမ်ဆို ၃ ကြိမ်မြောက်ဖြစ်သွားပြီ " လို့ ANT TECH ကုမ္ပဏီ တာဝန်ခံ ကိုကျော်ရဲအောင်က ပြောပါတယ်။ ပုလော၊ မြိတ်၊ ကျွန်းစုနဲ့ တနင်္သာရီ မြို့နယ်တွေက ဆိုင်ကယ်ဝပ်ရှော့ဆရာ သင်တန်းသား ၂၀၀ လောက် တက်ရောက်ခဲ့ကြပါတယ်။ "ခုခေတ်ဆိုင်ကယ်တွေက နည်းပညာမြင့်တော့ အင်ဂျင်ပိုင်း ချွတ်ယွင်းချက်ဖြစ်လာရင် ပြင်ဆင်ရေးအပိုင်းမှာ အခက်အခဲနဲ့ရင်ဆိုင်လာရတယ်။ ဒါကြောင့် ထိုင်းနိုင်ငံက ဆရာတွေနဲ့ ချိတ်ဆက်ပြီး ခုလိုသင်တန်းကို စီစဉ်ရတာဖြစ်တယ်။ မြိတ်ခရိုင်ထဲမှာရှိတဲ့ ဆိုင်ကယ်ပြုပြင်တဲ့ ဆရာတွေလည်း ဒီသင်တန်းကို လာတက်ကြတယ်။ ဒီသင်တန်းကရတဲ့ ပညာတွေကို မျိုးဆက်သစ်လူငယ်တွေကို ပြန်ပြီး ပို့ချနိုင်အောင် ကြိုးစားမယ်"လို့ တပ်ပြင်ရပ်ကွက်မှာ ဆိုင်ကယ်ပြုပြင်နေတဲ့ ကိုထွန်းက ပြောပါတယ်။ မြတ်ထွဋ်
3 years Ago
Up