နည်းပညာကုမ္ပဏီ

May 20, 2019

ဟွာဝေးက အရန်ချစ်ပ်များ ထုတ်သုံးပြီး အမေရိကန်၏ ဒဏ်ခတ်မှုကို ပြန်ခုခံ

ဟွာဝေး နည်းပညာကုမ္ပဏီဟာ အရန်ချစ်ပ်စ်တွေသုံးပြီး အမေရိကန်ရဲ့ ဒဏ်ခတ်မှုကို ပြန်ခုခံလိုက်ပြီလို့ တရုတ် ရေဒီယိုအင်တာနေရှင်နယ် (CRI) က မေလ ၁၉ ရက်မှာ ထုတ်လွှင့်လိုက်ပါတယ်။ ဟွာဝေးနည်းပညာကုမ္ပဏီဟာ အမေရိကန်ရဲ့ ကုန်သွယ်ရေး ပိတ်ပင်ချက်အတွက် အသင့်ပြင်ဆင်ထားခဲ့ပြီးဖြစ်လို့ အမေရိကန်က ချစ်ပ်စ်တွေ မရှိရင်လည်း ပြဿနာရှိလာမှာ မဟုတ်ဘူးလို့ ဟွာဝေး တည်ထောင်သူနဲ့ အမှုဆောင်အရာရှိချုပ် ရန်ကျန်းဖေးက မေလ ၁၈ ရက်မှာ ပြောလိုက်ပါတယ်။ ဂျပန်အခြေစိုက် နစ်ခဲအိ သတင်းဌာန အာရှသုံးသပ်ချက် ကဏ္ဍအတွက် လူတွေ့မေးမြန်းရာမှာ ရန်က ခုလို ပြောလိုက်တာပါ။ ဟွာဝေးနဲ့ မိတ်ဘက်တွေကို အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှု တံဆိပ်ကပ် နာမည်ပျက်စာရင်း သွင်းတဲ့အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရကို ရန်က ပြစ်တင်ရှုတ်ချပါတယ်။ သူ့ကုမ္ပဏီဟာ တရားမဝင်တာ ဘာမှ မလုပ်ထားဘူးလို့လည်း ပြောပါတယ်။ ဒဏ်ခတ်မှုကြောင့် ဟွာဝေးရဲ့တိုးတက်မှု နည်းနည်းနှေးသွားမှာ ဖြစ်ပေမယ့် အမေရိကန် အစိုးရဟာ ကုန်သွယ်ဘက်တွေကို ထပ်ခါတလဲလဲ ခြိမ်းခြောက်မှုအတွက် ယုံကြည်စိတ်ချမှုကို ဆုံးရှုံးလိမ့်မယ်လို့ ရန်ကျန်းဖေးက ပြောပါတယ်။ ဟွာဝေးဟာ အမေရိကန်ဆီက အဆင့်မြင့် ချစ်ပ်စ်ပြားတွေနဲ့ နည်းပညာတွေအားလုံး မရနိုင်တော့တဲ့ အစွန်းရောက် အခြေအနေတွေအတွက် ရပ်တည်ရှင်သန်နိုင်ဖို့ ကြိုတင် ပြင်ဆင်ထားပြီးသားလို့ ဟိုင်းစီလီကွန်လုပ်ငန်းရဲ့ ဥက္ကဋ္ဌ ဟော့တင်းဘိုက ဝန်ထမ်းတွေကိုပေးတဲ့ ရုံးတွင်းစာစောင်ထဲမှာ ပြောထားပါတယ်။ ၂၀၀၄ ခုနှစ်မှာ စတည်ထောင်ထားတဲ့ ဟိုင်းစီလီကွန်ဟာ ဝိုင်ယာလက်စ် ဆက်သွယ်ရေး၊ စမတ်ပစ္စည်းတွေ၊ ဒစ်ဂျစ်တယ် မီဒီယာတွေနဲ့ တခြားနယ်ပယ်တွေအတွက် ချစ်ပ်စ်တွေကို ထုတ်လုပ်ပါတယ်။ မေလ ၁၆ ရက်က အမေရိကန်အစိုးရ ကုန်သွယ်ရေးဌာနက ဟွာဝေး နည်းပညာလုပ်ငန်းနဲ့ မိတ်ဖက်ကုမ္ပဏီ ၇၀ ကို နာမည်ပျက်စာရင်း သွင်းခဲ့ပြီး အမေရိကန် ကုမ္ပဏီတွေက ဟွာဝေးဆီကနေ နည်းပညာတွေနဲ့ ဆက်စပ်ပစ္စည်း ကိရိယာတွေ မဝယ်အောင် တားမြစ် ပိတ်ပင်ခဲ့တာပါ။ အမေရိကန်ရဲ့ ဒီလုပ်ရပ်ဟာ ကမ္ဘာ့ သိပ္ပံနဲ့ နည်းပညာကဏ္ဍမှာ အမေရိကန်ရဲ့ ကြီးစိုးလွှမ်းမိုးမှုကို သေချာအောင်နဲ့ တရုတ်ရဲ့ အဆင့်မြင့်နည်းပညာနယ်ပယ် တိုးတက်မှုကို နှောင့်ယှက်ဖို့ ရှင်းရှင်းလင်းလင်း ရည်ရွယ်တယ်လို့ CCTV သတင်းဌာနက အစီရင်ခံပါတယ်။ အမေရိကန်အစိုးရက ကြေညာချက် ထုတ်ပြီးတဲ့နောက်မှာ ဂူဂယ်လ်၊ အင်တဲလ်၊ ကွဲကွန်းနဲ့ ဘရော့ဒ်ကွန်တို့ပါတဲ့ ကမ္ဘာ့ထိပ်သီး ချစ်ပ်စ်ပုံစံထုတ်သူ ဒီဇိုင်နာနဲ့ ဖြန့်ဖြူးသူ လုပ်ငန်းကြီးတွေကလည်း ဟွာဝေးနဲ့ အဆက်အဆံ ဖြတ်တောက်လိုက်ကြပါတယ်။ ဂျာမန် ချစ်ပ်စ်ထုတ်လုပ်သူ အင်ဖီနီယွန် နည်းပညာလုပ်ငန်းကလည်း ဟွာဝေးကို သင်္ဘောနဲ့ တင်ပို့မယ့် ကုန်စည်တွေကို ရပ်ဆိုင်းလိုက်တယ်လို့ နစ်ခေးသတင်းဌာနက အစီရင်ခံပါတယ်။ အမေရိကန် မှတ်ဉာဏ်တု ချစ်ပ်စ်ထုတ်လုပ်သူ မိုက်ခရွန် တက်ကနိုလိုဂျီနဲ့ ဝက်စ်တန်း ဒစ်ဂျစ်တယ်တို့ကလည်း ဟွာဝေးနဲ့ အဆက်အသွယ် ဖြတ်ခဲ့ပါတယ်။ ဂူဂဲလ်က ဟွာဝေးကိုပေးထားတဲ့ ဝန်ဆောင်မှုတချို့နဲ့ အပလီကေးရှင်းတွေကို ဖြတ်တောက်မယ်လို့ မနေ့က ကြေညာအပြီး ချက်ချင်း ဖြတ်တောက်ခဲ့တာကြောင့် ဟွာဝေး စမတ်ဖုန်းအသစ်တွေမှာ ဂူဂဲလ်ရဲ့ လူကြိုက်များတဲ့ အပလီကေးရှင်းတွေနဲ့ ဝန်ဆောင်မှုတွေကို သုံးနိုင်တော့မှာ မဟုတ်ပါဘူး။ ဂူဂဲလ်ကတော့ သူ့ကုမ္ပဏီဟာ အမေရိကန်အစိုးရရဲ့ အမိန့်ကို လိုက်နာတဲ့အနေနဲ့ လုပ်တာလို့ ပြောခဲ့ပါတယ်။
2 years Ago

August 31, 2018

နည်းပညာကုမ္ပဏီများကို ထရမ့် ဝေဖန်တိုက်ခိုက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဖေ့စ်ဘွတ်ခ်၊ တွစ်တာနဲ့ ဂူဂဲလ်တို့ အပါအဝင် နည်းပညာကုမ္ပဏီတွေကို ထပ်မံဝေဖန် တိုက်ခိုက်လိုက်ပါတယ်။ နည်းပညာကုမ္ပဏီကြီးတွေဟာ မမျှမတ ဆက်ဆံနေတယ်လို့ သမ္မတထရမ့်က အိမ်ဖြူတော်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံချိန် ပြောလိုက်တာပါ။ “ဂူဂဲလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့ဟာ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်တွေနဲ့ ရီပတ်ဘလစ်ကန်တွေကို မျှမျှတတ မဆက်ဆံဘူးလို့ ထင်တယ်။ ဒါ ကိုယ်တွေ့မို့လို့ ကျနော်ပြောနိုင်တာ။ ဒီဆက်သွယ်ရေး နယ်ပယ်တွေမှာ ကျနော့်ကိုထောက်ခံသူ သန်း ၁၀၀ ကျော် ၁၂၅ သန်းကျော်ရှိတယ်။ ဒါက တကယ့်ပြဿနာလို့ ကျနော်ထင်တယ်။ သူတို့က ဒီနိုင်ငံရဲ့ နေရာတော်တော်များများမှာ အသံတိတ်အောင်လုပ်ဖို့ ကြိုးစားနေတယ်။ လူတွေကလည်း သူတို့အသံ ကြားစေချင်ကြတယ်။ ဒါ မှားနေတယ်။ မမျှတဘူး။ ဥပဒေနဲ့ ညီချင်မှညီမယ်။ ကျနော်တို့ မျှတမှုလိုချင်တယ်။ "ကျနော်တို့ ဘာဖြစ်ချင်လဲဆိုတာ ခင်ဗျားတို့ သိချင်မှာပဲ။ မျှတမှုရှိတဲ့အခါ လူတိုင်း ပျော်ကြပါတယ်။ ကိုယ်ပြောတဲ့ လူပေါ်လည်း မူတည်တယ်။ ကျနော်က သမ္မတလေ။ ကျနော်ပြောတာ ခင်ဗျားတို့ နားလည်မှာပါ။ လူတွေအများကြီးအတွက် ကျေနာ် ပြောနေတာ။ ကျေန်ာတို့ မျှတမှုကို လိုချင်တယ်။ ဒါအရေးကြီးတယ်။ ကျေးဇူးတင်ပါတယ်” လို့ သမ္မတ ထရမ့်က ပြောသွားတာပါ။ သမ္မတထရမ့်ဟာ ဂူဂဲလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာ လူမှုကွန်ရက်တွေကို အလုပ်ကောင်းကောင်း ဆက်လုပ်ဖို့ အစောပိုင်းမှာ သတိပေးခဲ့ပါသေးတယ်။
3 years Ago
Up