နစ်ဆန်း

October 24, 2019

ဂျပန်ကုမ္ပဏီများ အရွယ်အစားသေးငယ်သည့် လျှပ်စစ်မော်တော်ကားများ ထုတ်လုပ်မည်

ကုန်ကျစရိတ် မြင့်မားတဲ့ ဘတ္ထရီနည်းပညာပိုမို အသုံးတွင်ကျယ်စေဖို့ ဂျပန်မော်တော်ကား ကုမ္ပဏီတွေဟာ အရွယ်အစားသေးငယ်တဲ့ လျှပ်စစ်မော်တော်ကားတွေ ထုတ်လုပ်ဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ အောက်တိုဘာ ၂၃ ရက်နေ့ တိုကျိုမော်တော်ကား အရောင်းပြပွဲမှာ နစ်ဆန်း၊ တိုယိုတာနဲ့ တခြား မော်တော်ကားကုမ္ပဏီတွေဟာ ကန့်သတ်အမြန်နှုန်းနဲ့ ခရီးတိုမောင်းနှင်နိုင်တဲ့  တယောက်စီး နဲ့ နှစ်ယောက်စီး လျှပ်စစ်မော်တော်ကားတွေကို ပွဲထုတ်သွားမှာပါ။  နစ်ဆန်းကုမ္ပဏီအကြီးတန်း ဒုဥက္ကဋ္ဌ   ကူနီယို-နာကာဂူရိုက “မော်တော်ကားကုမ္ပဏီတခုအနေနဲ့ ကမ္ဘာကြီးပူနွေးမှု ဖြစ်စဉ်ကို ဖြေရှင်းတာက ကျနော်တို့ တာဝန်ဖြစ်ပါတယ်။ အပြောင်းအလဲနဲ့ တွေ့ကြုံနေတဲ့  မော်တော်ကားလုပ်ငန်းမှာ ကျနော်တို့ နစ်ဆန်းကလည်း ခေတ်သစ်တခုဆီကို သွားနေပါတယ်” လို့ ပြောပါတယ်။ အဲဒီလျှပ်စစ်မော်တော်ကားတွေဟာ ဂျပန်ရဲ့ ကျဉ်းမြောင်းလှတဲ့လမ်းတွေ၊ ကျပ်ညပ်နေတဲ့ ကားပါကင်တွေ နဲ့  အမြန်ကြီးထွားနေတဲ့ သက်ကြီးလူ့အဖွဲ့အစည်းအတွက် အကောင်းဆုံးလို့ ဂျပန်မော်တော်ကားကုမ္ပဏီတွေက ဆိုကြပါတယ်။  အဲဒီလျှပ်စစ်မော်တော်ကားတွေဟာ ဂျပန်မှာ သက်ကြီးဦးရေ များပြားနေတာနဲ့အတူ    ကမ္ဘာနဲ့ ရင်ပေါင်တန်းသွားမယ်လို့လည်း သူတို့က ဆိုပါတယ်။ ဒါပေမဲ့ လျှပ်စစ်မော်တော်ကားတွေ နိုင်ငံရပ်ခြားမှာ  အသုံးပြုနိုင်မလား ဆိုတာကိုတော့ မဆုံးဖြတ်ရသေးပါဘူး။ ကမ္ဘာ့ရောင်းအားအကောင်းဆုံး  Tesla Model 3 လျှပ်စစ်ကားနဲ့ ယှဉ်ပြိုင်ဖို့ရာ  SUV မော်တော်ကားအပါအဝင် သာမန်အရွယ်အစား ခရီးသည်မော်တော်ကားတွေကို အဓိကထားတဲ့    ဂျင်နရယ်မော်တာ၊ ‌ဗောက်စ်ဝယ်ဂွန်နဲ့ တခြားကမ္ဘာ့မော်တော်ကား ကုမ္ပဏီကြီးတွေရဲ့ နည်းပညာနဲ့ မတူဘဲ ဂျပန်နည်းပညာက အရွယ်အစားသေးငယ်တာကို အသားပေးထားပါတယ်။
2 years Ago
Up