နစ်ကိုးလပ်စ်ကေ့ဂ်ျ

June 4, 2018

နစ်ကိုးလပ်စ်ကေ့ဂ်ျကို ကြမ်းကြမ်းရမ်းရမ်း ရဲအရာရှိတဦးအသွင် ရှုစားကြရမည့် ရုပ်ရှင် - 211 (နမူနာ)

ဟောလိဝုဒ် နာမည်ကြီးမင်းသားတဦးဖြစ်တဲ့ နစ်ကိုးလပ်စ်ကေ့ဂ်ျကို ကြမ်းကြမ်းရမ်းရမ်း ပစ်ခတ်တိုက်ခိုက်မှုတွေနဲ့ တွေ့မြင်ရှုစားရမယ့် 211 အမည်ရတဲ့ ရုပ်ရှင်ကားကို မကြာခင် ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီကားကိုတော့ အမေရိကန် ရုပ်ရှင်ဒါရိုက်တာ ယော့ခ်အဲလက်ရှက်ကဲလ်တန်က ကိုယ်တိုင်ဇာတ်ညွှန်းခွဲပြီး ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီကားဟာ အက်ရှင်ပရိသတ်တွေ အကြိုက်တွေ့စေမယ့် ဇာတ်ကားတကားဖြစ်ပြီး နစ်ကိုးလပ်စ်ကေ့ဂ်ျကတော့ မိုက်ခ်ချန်ဒလာဆိုတဲ့ ရဲအရာရှိတဦးအဖြစ် သရုပ်ဆောင် ပါဝင်ထားခဲ့တာပါ။ 211 ဆိုတာကတော့ အမေရိကန်နိုင်ငံမှာ ရဲတွေအတွက် Robbery Code အနေနဲ့ အသုံးပြုတဲ့ Code တခုဖြစ်ပြီး ဒီကားထဲမှာတော့ သွေးထွက်သံယို မြင်ကွင်းပြကွက်တွေနဲ့ ဘဏ်ဓားပြမှုမှာ ဘယ်လို အပြန်အလှန် တိုက်ခိုက်ကြသလဲဆိုတာကို ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ ၁၉၉၇ ခုနှစ်က လော့စ်အိန်ဂျလိစ်မှာ အမှန်တကယ် ဖြစ်ပျက်ခဲ့တဲ့ Battle of North Hollywood လို့ ရည်ညွှန်းပြောကြရတဲ့ ဘဏ်ဓားပြမှုတခုမှာ ရဲဌာနနဲ့ အင်အားကြီး လက်နက်ကိုင်ဓားပြတွေ ထိပ်တိုက်တွေ့ဆုံခဲ့ကြရတဲ့ အခြေအနေပေါ်မှာ အခြေပြု ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီကားထဲမှာ မင်းသားကြီး နစ်ကိုးလပ်စ်ကေ့ဂ်ျနဲ့အတူ တခြားသရုပ်ဆောင်တွေဖြစ်တဲ့ မင်းသား ကော်ရီဟဲန်းဒရစ်တ်၊ ဝိန်းကန်မရွန်း၊ မင်းသမီး ဆိုဖီစကယ်လ်တန်တို့ကပါ အတွဲညီညီ ကြမ်းကြမ်းရမ်းရမ်း သရုပ်ဆောင်ထားခဲ့ကြတာ ဖြစ်ပါတယ်။ ကြမ်းတမ်းတဲ့ သွေးထွက်သံယို ပြကွင်းပြကွက်တွေ ပါဝင်နေတာမို့ ဒီကားကိုတော့ Rated R အဆင့် သတ်မှတ်ထားပါတယ်။ Millennium Films ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်လိုက်တဲ့ ဒီကားကိုတော့ လာမယ့် ဇွန်လ ၈ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
4 years Ago
Up