နက်ရှ်ဗေးလ်မြို့

December 28, 2020

အမေရိကန်နိုင်ငံ နက်ရှ်ဗေးလ်မြို့က ဗုံးပေါက်ကွဲမှုတွင် သံသယရှိသူ သေဆုံးဟု ရဲတပ်ဖွဲ့ ပြော

အမေရိကန်ပြည်ထောင်စု၊ တင်နက်စီပြည်နယ်၊ နက်ရှ်ဗေးလ်မြို့မှာ ဗုံးခွဲသူအဖြစ် သံသယရှိတဲ့ အန်ထော်နီဝါနာဟာ ပေါက်ကွဲမှုအတွင်း သေဆုံးသွားတယ်လို့ ရဲအရာရှိတွေက ဒီဇင်ဘာ ၂၇ ရက်မှာ ပြောပါတယ်။ အသက် ၆၃ နှစ်အရွယ် ဝါနာဟာ နက်ရှ်ဗေးလ်မြို့မှာ ကာလကြာရှည်နေခဲ့ပြီး ဘဝတလျှောက်လုံး အိုင်တီနည်းပညာဆိုင်ရာ အလုပ်တွေကို လုပ်ကိုင်ခဲ့သူလို့ ဒေသခံမီဒီယာ The Tennessean က ဖော်ပြပါတယ်။ ပြည်သူ့ မှတ်တမ်းတွေအရ သူဟာ အီလက်ထရောနစ် ပညာရှင်နဲ့ အချက်ပေးစနစ်တွေမှာ ကာလကြာရှည် အတွေ့အကြုံ ရှိသူလို့လည်းဆိုပါတယ်။ အမေရိကန်ရဲ့ ကန်းထရီဂီတမြို့တော် နက်ရှ်ဗေးလ်ရဲ့ မြို့လယ်ကောင် ပေါက်ကွဲမှုကြောင့် လူ ၃ ယောက် သေဆုံး ပြီး AT&T ကုမ္ပဏီ အဆောက်အအုံအပါအဝင် စီးပွားရေးလုပ်ငန်းဆိုင် ၄၀ ကျော် ပျက်စီးခဲ့ပါတယ်။ ဒါ့အပြင် တင်နက်စီပြည်နယ် အလယ်ပိုင်းနဲ့ အိမ်နီးချင်း ပြည်နယ် ၄ ခုက အစိတ်အပိုင်းတွေမှာ လက်ကိုင်ဖုန်းနဲ့ အင်တာနက် ကွန်ရက်တွေ ရုပ်သံဝန်ဆောင်မှု လုပ်ငန်းတွေလည်း အနှောင့်အယှက် ဖြစ်ခဲ့ပါတယ်။ ကုမ္ပဏီပိုင်ရှင်က “ဝါနာဟာ ဖရဒ်ဒရစ်ချ် အန်ကလာ့ခ် ရီရယ်လတီကုမ္ပဏီမှာ ကွန်ပျူတာကိစ္စနဲ့ ပတ်သက်ပြီး တလ တကြိမ် အကြံပေးလာတာ လေး ငါးနှစ်ရှိပြီး ဒီလမှာတော့ သူ ဆက်ပြီး အလုပ်မလုပ်တော့ဘူးလို့ ကုမ္ပဏီကို အီးမေးလ် ပို့ခဲ့တယ်။ အကြောင်းပြချက်မပေးခဲ့ဘူး” လို့ the Tennessean သတင်းစာကို ပြောပါတယ်။ AT&T ကုမ္ပဏီ အဆောက်အအုံနဲ့ ဗုံးကွဲမှုအကြား ဆက်စပ်မှုတချို့ ရှိရမယ်လို့ ဒေသခံ အာဏာပိုင်တွေက ခံစားမိကြတဲ့အကြောင်းကို နက်ရှ်ဗေးလ် မြို့တော်ဝန်က CBS သတင်းဌာနရဲ့ Face the Nation အစီအစဉ်မှာ ပြောပါတယ်။ ပျက်စီးသွားတဲ့ စက်ခလုတ်ခုံဌာနက အင်မတန်ဈေးကြီးလို့ အရေးကြီးတဲ့ ပစ္စည်းကိရိယာတွေကို ဂျင်နရေတာတွေနဲ့ ချိတ်ဆက်ဖို့ အပျက်အစီးတွေကြားမှာ အပေါက်တွေဆီ ရောက်ဖို့ အပေါက်ဖောက်ရတယ်လို့ AT&T က ပြောပါတယ်။ AT&T က “အဆောက်အအုံ လေးထပ်မှာ လျှပ်စစ်မီး ပြန်ရဖို့ လုပ်နေတယ်။ အခြေအနေက ညတွင်းချင်း သိသိသာသာ တိုးတက်လာပြီ” လို့  ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
10 months Ago
Up