နက်ဒ်ပရိုက်စ်

February 9, 2021

မြန်မာပြည်သူများနှင့်အတူ ရပ်တည်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနပြော

မြန်မာပြည်သူလူထုနဲ့အတူ ရပ်တည်တဲ့ အကြောင်းနဲ့  ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို ထောက်ခံကြောင်း  အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောခွင့်ရပုဂ္ဂိုလ် နက်ဒ်ပရိုက်စ်က ဖေဖော်ဝါရီ ၈ ရက်နေ့ ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“သူတို့နိုင်ငံရဲ့ ပြည်သူလူထုအတွက် စကားပြောနိုင်ဖို့ကြိုးစားအားထုတ်ကြသူ အမှန်တကယ် ရွေးကောက်တင်မြှောက်ခံထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့အတူ ကျနော်တို့ ရပ်တည် ပါတယ်။ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရ ချက်ချင်းပြန်ပြီး အပြည့်အဝ အသက်ဝင်ရေးအတွက် သူတို့နဲ့အတူ‌ တောင်းဆိုပါတယ်။ ကျနော်တို့ဟာ မြန်မာပြည်သူလူထုနဲ့အတူ ရပ်တည်နေပါတယ်။ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့အစိုးရကို ထောက်ခံပြီး ငြိမ်းချမ်းစွာဆန္ဒပြတာအပါအဝင် လွတ်လပ်စွားစုရုံးခွင့်၊ သိရှိဆက်သွယ်နိုင်ဖို့အတွက် သတင်း အချက်အလက်တွေကို အွန်လိုင်းကနေရော၊ အွန်လိုင်းမဟုတ်တဲ့ဆီကရော လွတ်လပ်စွာ ရှာဖွေခွင့်၊ လက်ခံရရှိခွင့် အပါအဝင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အတွက်လည်း အားပေးထောက်ခံ ပါတယ်။”လို့ပြောပါတယ်။  

ငြိမ်းချမ်းစွာဆန္ဒပြတာအပါအဝင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ အသင်းအဖွဲ့တွေ လွတ်လပ်စွာဖွဲ့စည်းခွင့်၊ ငြိမ်းချမ်းစွာစုရုံးခွင့်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံနဲ့ ကမ္ဘာတဝန်းက  လူတဦးတယောက်ချင်းစီရဲ့ အခွင့်အရေးအတွက် ကျနော်တို့ အခိုင်အမာအားပေး ထောက်ခံနေတယ်လို့လည်းပြောပါတယ်။

အများပြည်သူ စုရုံးခွင့်ကို ကန့်သတ်လိုက်တဲ့ စစ်တပ်ရဲ့လတ်တလော ကြေညာချက်နဲ့ ပတ်သက်ပြီး သေချာပေါက် အကြီးအကျယ်စိုးရိမ်နေ‌တယ်လို့ဆိုပါတယ်။

ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်အပါအဝင် မြန်မာနိုင်ငံအနှံ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၀ ခုရှိ မြို့နယ်တွေမှာ   ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့်နဲ့ လူ ၅ ယောက်ထက်ပိုပြီး စုဝေးတာတွေ၊ ဆန္ဒပြတာတွေ မလုပ်ဖို့ အာဏာသိမ်း စစ်အစိုးရက ထုတ်ပြန်ထားပါတယ်။

PHOTO- State Department

2 years Ago
Up