ဓားဖြင့်ခုတ်

August 20, 2018

ဝမ်းတွင်းတွင် ယောက္ခမနှင့် ယောက်ဖက ဓားဖြင့်ခုတ်သဖြင့် သမက်ဖြစ်သူ သေဆုံး

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ တောင်ဇချမ်းကုန်းရွာမှာ သြဂုတ် ၁၉ ရက် နေ့လယ်က စကားများရာမှ ယောက္ခမဖြစ်သူနဲ့ ယောက်ဖဖြစ်သူတို့ ၂ ဦးက ဓားနဲ့ခုတ်လို့ သမက်ဖြစ်သူ သေဆုံးသွားတယ်လို့ ဝမ်းတွင်းမြို့မရဲစခန်းက ပြောပါတယ်။ ဖြစ်စဉ်မှာ ဦးသိန်းဝင်းနဲ့ သားဖြစ်သူ ကျော်မြခိုင် တို့နှစ်ဦးနဲ့ သမက်ဖြစ်သူ သန်းနိုင်ထွန်း (ခ) အငယ်ကောင်တို့ စကားများရန်ဖြစ်ကြရာ သန်းနိုင်ထွန်းကို ဓားနဲ့ခုတ်တာကြောင့် သေဆုံးသွားတယ်လို့ သိရပါတယ်။ ဝမ်းတွင်းမြို့မရဲစခန်း ဒုရဲအုပ်ဝင်းဇေယျာဦးက “သန်းနိုင်ထွန်းမှာ ဝဲနားထင်၊ ယာနားထင်ပြတ်တယ်၊ ဝဲလက်ဖျံပြတ်တယ်။ ယာရင်ဘတ်မှာ ထိုးသွင်းဒဏ်ရာရပြီး သေဆုံးသွားတယ် သေဆုံးသူရဲ့အမ ဒေါ်မြမြဝင်းက တရားလိုလုပ်ပြီး အမှုဖွင့်ပါတယ်။ တိမ်းရှောင်သွားသူကိုလည်း အမြန်ဆုံး ဖမ်းဆီးမိရေး လုပ်နေပါတယ်” လို့ ပြောပါတယ်။ ရွာအုပ်ချုပ်ရေးမှူး ဦးမောင်တင့်က “အဲဒီမိသားစု ဒီရွာရောက်လာတာ မကြာသေးဘူး။ သူတို့က မိတ္ထီလာဘက်က ပြောင်းလာကြတာ။ သေဆုံးသွားတဲ့ သန်းနိုင်ထွန်းက မိတ္တူစက် လိုက်ပြင်တယ်။ သူ့ဇနီးက လျှပ်စစ်ဝန်ထမ်းပါ။ သူတို့မှာ ကလေး ၃ ယောက်ရှိတယ်။ ဒေါသအလျောက် ဖြစ်ကုန်ကြတယ်” လို့ ပြောပါတယ်။ ဝမ်းတွင်းမြို့မရဲစခန်းက ဦးသိန်းဝင်းနဲ့ ကျော်မြခိုင်တို့ ၂ ဦးကို လူသတ်မှု၊ အားပေးကူညီမှု ရာဇသတ်ကြီးပုဒ်မ-၃ဝ၂/၁၁၄ နဲ့ အမှုဖွင့်ထားပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
3 years Ago

August 14, 2018

ဆေးကြောင်သည့် အမျိုးသားတဦးက ဇနီးနှင့် ကလေးငယ်ကို ဓားဖြင့်ခုတ်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်မှာ မူးယစ်ဆေးဝါးသုံးစွဲပြီး ဆေးကြောင်နေသူ တဦးကဇနီးနဲ့ သမီးငယ်ကို ဓားနဲ့ခုတ်လို့ ဖမ်းဆီးခံထားရတယ်လို့  နယ်မြေရဲစခန်းက သိရပါတယ်။ မိုင်းဆတ်မြို့နယ်၊ ဝိန်းနေရွာမှာနေထိုင်တဲ့ မြင့်နိုင်ဦးဟာ သြဂုတ် ၁၂ ရက် ညပိုင်းက တူမီးသေနတ်နဲ့ရမ်းကားနေလို့ ဖမ်းဆီးထားတယ်လို့လည်း ရဲတပ်ဖွဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။ ဓားနဲ့ ခုတ်ခံရတဲ့ ကလေးငယ်ကို ကူညီပေးနေတဲ့ အဖြူရောင်လူငယ်အဖွဲ့ဝင် ကိုဖုန်းမြင့်က “ဓားနဲ့ ခုတ်ခံရတဲ့ ကလေးက စိုးရိမ်စရာတော့ မရှိဘူး။ နေရာတော်တော်များများ မွှမ်းခံရသလို ဖြစ်တာပါ။ အဖေလုပ်သူက ဆေးကြောင်ပြီး ရမ်းနေတော့ ဖမ်းတာမှာ ကလေးတွေ အကြောင်းသိရတာ။ အဲဒီနောက်မှာမှ ဆေးရုံကိုရောက်လာတာ” လို့ ပြောပါတယ်။ ဓားနဲ့ခုတ်ခံရတဲ့အမျိုးသမီး ထွက်ပြေးပျောက်ဆုံးနေသလို ကျန်ရစ်ခဲ့တဲ့ သားသမီး ၇ ဦးလည်း ကျွေးမွေးစောင့်ရှောက်သူမရှိလို့ အကူအညီလိုအပ်နေတယ်လို့  မိုင်းဆတ်မြို့၊ အဖြူရောင်လူငယ်အဖွဲ့ဝင် မမိုးကပြောပါတယ်။ “အမေဖြစ်သူက လွန်ခဲ့တဲ့ တပတ်လောက်ကပဲ ဘယ်ကို ထွက်ပြေးနေမှန်း မသိဘူး။ ၂ နှစ်အရွယ် သမီးလေးက ဒဏ်ရာရလို့ ဆေးရုံရောက်လာတယ်။ ကလေးတွေကို အဘိုးဖြစ်သူက စောင့်ရှောက်နေတော့ အငယ်ဆုံး အမြွှာကလေးတွေလည်း ရောက်လာတယ်။ အဲတော့မှ ကျမတို့ သိပြီး ကူညီပေးနေတာပါ” ကလေးတွေရဲ့ အဘိုးဖြစ်သူကလည်း ကျပန်း လုပ်ကိုင်တာကြောင့် ပြုစုဖို့ အခက်အခဲဖြစ်နေပြီး မွေးစားချင်သူကို ပေးဖို့ ဆုံးဖြတ်ထားတယ်လို့ လည်း သူက ပြောပါတယ်။ “အကြီးဆုံးကလေးက ၆ တန်းလို့ သိရတယ်။ အမြွှာလေးတွေက မိန်းကလေးနဲ့ ယောက်ျားလေး။ အသက်က ၄ လပဲ ရှိသေးတယ်။ အဖေက ထောင်ကျနိုင်တော့ ရေရှည်ဆို ပြုစုဖို့ မလွယ်ဘူးလေ။ အဲဒါကြောင့် မွေးစားချင်သူကို ပေးဖို့ ဆုံးဖြတ်ထားတာ” လို့ မမိုးက ပြောပါတယ်။ လက်ရှိမှာတော့ မွေးစားဖို့ ပြောလာသူတွေရှိနေပြီး တရားဝင်ပေးနိုင်အောင် မိခင်ကို လိုက်ရှာနေကြဆဲ ဖြစ်ပါတယ်။ ဓာတ်ပုံ - ဖုန်းမြင့်၊ မမိုး
3 years Ago
More News
Up