ဓားပြတိုက် (ရုပ်သံ)

September 3, 2017

ကျောက်မျက်ရတနာဆိုင် တဆိုင်အား မီးခိုးဗုံးပစ်သွင်းပြီး ဓားပြတိုက် (ရုပ်သံ)

ဓားတွေနဲ့ တူအကြီး ကိုင်ဆောင်ထားတဲ့ မျက်နှာဖုံးစွပ်လူတွေက ကျောက်မျက်ရတနာဆိုင်ထဲ မီးခိုးဗုံး ပစ်သွင်းပြီး ဆိုင်ကို ရုတ်တရက် ဓားပြတိုက်ခဲ့ပါတယ်။ ရုပ်ရှင်ဆန်ဆန် ရုတ်တရက် ဓားပြတိုက်မှု ရုပ်သံကို အင်္ဂလန်နိုင်ငံ ဝက်စ်မစ်ဒ်လန်းဒေသရှိ ဘာမင်ဟန်မြို့ရဲ့ ဟန်းစ်ဝါ့သ်အရပ် ဆိုဟိုလမ်းမကြီးပေါ်က ကျောက်မျက်ဆိုင်မှာ မိုဘိုင်းလ်ဖုန်းနဲ့ ရိုက်ကူးမိတာဖြစ်ပြီး ဓားပြအဖွဲ့က ခိုးထည်ပစ္စည်းတွေအပြည့်ပါတဲ့ ဈေးဝယ်အိတ်တွေနဲ့ ထွက်ပြေးလွတ်မြောက်သွားတာကို ရုပ်သံထဲမှာ မြင်ရပါတယ်။ ကျောက်မျက်ဆိုင်ထဲကို မီးခိုးဗုံး ပစ်သွင်းခဲ့တယ်လို့ ယူဆရပြီး ကျောက်မျက်ရတနာ တော်တော်များများ ပါသွားတယ်လို့ ဆိုပါတယ်။ ရုပ်သံထဲမှာ ဆိုင်ရဲ့စတီးတံခါးကို အမျိုးသား တယောက်က ထောက်ကန်ပေးထားပြီး တဝက် ပွင့်နေတဲ့ အောက်ခြေမှာ မီးခိုးတွေထွက်နေတာ တွေ့ရပါတယ်။ ဓားပြတွေက အနက်ရောင်တွေ ဝတ်ဆင်ထားပြီး ခိုးရာပါ ရတနာထည့် အိတ်ကြီးတွေ သယ်ဆောင်ပြီး မာစီးဒီးကားအနက်စီ ပြေးသွားနေကြတာကို မြင်ရပါတယ်။ ဖြတ်သွားဖြတ်လာအချို့က ဒီလုပ်ရပ်ကို မြင်ပြီး ဘာလုပ်ရမှန်းမသိပဲ မှင်သက်နေကြပေမယ့် အချို့ကတော့ ဓားပြတွေကို လိုက်ဖမ်းဖို့ ကြိုးစားကြပါတယ်။ မျက်မြင်သက်သေ တော်တော်များများလည်း သိမြင်လိုက်ကြပြီး စောင့်ကြည့် ကင်မရာကိုလည်း စစ်ဆေးကြည့်ရှုနေပါတယ်။ ဒါပေမယ့် ကျောက်မျက်ရတနာဆိုင် ဓားပြမှုကို မြင်သူ တယ်လီဖုန်းနဲ့ ရိုက်ကူးမိတဲ့ ရုပ်သံတွေရှိခဲ့ရင် အကြောင်းကြားပေးဖို့ ရဲတွေက ပြောပါတယ်။ “ဒီဓားပြမှုကို ကြည့်ရတာ သေသေချာချာ ကြိုတင်ပြင်ဆင်ထားတဲ့ ဓားပြမှုပဲ။ ဓားပြအားလုံးက မျက်နှာဖုံးတွေ စွပ်ထားတယ်၊ တယောက်က တံခါးဖွင့်ထားချိန်မှာ ကျန်ဓားပြတွေက ဝန်ထမ်းတွေကို ခြိမ်းခြောက်ပြီး တန်ဖိုးရှိ ပစ္စည်းတွေကို ယူတဲ့သူက ယူတယ်” လို့ ဝက်စ်မစ်ဒ်လန်း စုံစမ်းရေးအရာရှိ ဒေ့ဗ်ဆန်ဒါစ်က ပြောပါတယ်။ “ဘယ်သူမှ ထိခိုက်ဒဏ်ရာ မရဘူး၊ ဒါပေမယ့် ဒီအတွေ့အကြုံကတော့ ဝန်ထမ်းတွေအတွက် ကြောက်ရွံ့ထိတ်လန့်စရာ အတွေ့အကြုံပဲ ဓားပြတိုက်သူတွေကို အမြန်ဆုံးရှာဖို့ လိုတယ်။ အကယ်၍ ဒီဖြစ်ရပ်မှာ ဘာဖြစ်ခဲ့တယ်ဆိုတာကို ဘယ်သူမဆို မြင်ခဲ့ရင် ဒါမှမဟုတ် ဘယ်သူတွေ ပါတယ်ဆိုတာကို သံသယရှိရင် ရဲတွေကို အကြောင်းကြားပါ။ အဲလိုသိခဲ့ရင် ကျနော်တို့ကို ချက်ခြင်း ဆက်သွယ်ပါ” လို့ စုံစမ်းရေးအရာရှိက ပြောကြောင်း မေရာသတင်းမှာ စက်တင်ဘာလ ၂ ရက်နေ့က ဖော်ပြထားပါတယ်။
4 years Ago
Up