ဓားပြတိုက်ခံရမှု

December 13, 2016

ပြင်သစ်တွင် ရွှေ ကီလို ၇၀ ဓားပြတိုက်ခံရမှု အာဏာပိုင်များ စုံစမ်း

ပြင်သစ်နိုင်ငံတောင်ပိုင်း လီယွန်မြို့နားက အဝေးပြေးလမ်းမပေါ်မှာ ဒီဇင်ဘာ ၁၂ ရက်နေ့က ရွှေမှုန့် ကီလို ၇၀ လောက် ဓားပြတိုက်ခံရလို့ အာဏာပိုင်တွေ စုံစမ်းဖော်ထုတ်နေကြပါတယ်။ ရွှေမှုန့်တွေကို အိတ်တွေနဲ့ထည့်ပြီး သယ်ဆောင်လာတဲ့ ရဲတပ်ဖွဲ့ကားကို လက်နက်ကိုင် ၄ ဦးက ကား ၂ စီးနဲ့ ပိတ်ဆို့ရပ်တန့်ပြီး အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ သန်း တန်ဖိုးရှိတဲ့ ရွှေအိတ်တွေကို နောက်ထပ်ကားတစီးနဲ့ သယ်ပြေးသွားခဲ့ကြတာပါ။ ရွှေတွေကိုသယ်လာတဲ့ ၀န်ထမ်း ၂ ဦးကို ဗင်တစီးရဲ့နောက်မှာ ပိတ်ထားခဲ့တာပါ။ ဓားပြတွေက သဲလွန်စတွေကို ဖျောက်ဖျက်ဖို့၊ ဒါမှမဟုတ် သူတို့ကို မလိုက်နိုင်အောင် လမ်းကို ပိတ်ဆို့ထားဖို့ ရည်ရွယ်ပြီး ကျန်ကားတွေအားလုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့ဝင်တဦးက သတင်းထောက်တွေကို ပြောပါတယ်။ ဒီရွှေမှုန့်တွေကို သယ်ဆောင်လာတဲ့ ၀န်ထမ်း ၂ ဦးလုံး ထိခိုက်မှု မရှိခဲ့ဘဲ ဓားပြတွေကိုတော့ လိုက်လံစုံစမ်းနေဆဲလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
5 years Ago
Up