ဓားပြတိုက်

September 30, 2018

မောင်တောမြို့နယ် မော်လ၀ီကျေးရွာတွင် ဓားပြတိုက်၊ ၂ ဦးဒဏ်ရာရ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ သဲချောင်းအုပ်စု၊ မော်လဝီကျေးရွာမှာ ဓားပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။ စက်တင်ဘာ ၃၀ ရက်နေ့ မနက်အစောပိုင်း ၁ နာရီလောက်က မော်လဝီရွာမှာ နေထိုင်တဲ့ ဇော်သိန်း (ခ) မူဆာအာလီ (၄၁) နှစ် ရဲ့ နေအိမ်ကို ဓားပြ ၁၀ ယောက်လောက်က ၀ိုင်းပြီး တိုက်ခဲ့တာလို့ ဆိုပါတယ်။ ရွှေငွေ ပစ္စည်းတော့ တစုံတရာ မပါသွားဘဲ ဓားပြတွေက နေအိမ်တံခါးအား ထုရိုက်ဖျက်ဆီးကာ မီးရှို့မယ်လို့ခြိမ်းခြောက်ခဲ့ပြီး လုပ်သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒဏ်ရာရခဲ့ကြတယ်လို့ သင်္ဘောလှကျေးရွာ အုပ်ချုပ်ရေးမှူးက အတည်ပြုပြောကြားပါတယ်။ "အခုတကြိမ်ဆိုတော့ ၁ လအတွင်း ၂ ကြိမ်ရှိသွားပါပြီ။ ကိုဇော်သိန်းက ဓားပြတိုက်နေကြောင်း ကျနော့်ကို ဖုန်းဆက်လာတယ်။ ကျနော်တို့ ချက်ချင်း လုံခြုံရေးအဖွဲ့တွေနဲ့ မော်လဝီကျေးရွာကို လိုက်သွားကြပါတယ်။ ရောက်သွားတဲ့အချိန်မှာ ကိုဇော်သိန်းရဲ့ မိခင် ဒေါ်ခါလီနာ (၆၆) နှစ် ဝဲဘက်ပါး၊ ယာဘက်ပါး နဲ့ ဝဲမေ့ရိုးတွေမှာ ခဲစတွေထိမှန်ပြီး ယမ်းငွေ့ဒဏ်ကြောင်း မျက်လုံး နှစ်လုံးစလုံး ကွယ်သွားတဲ့ အနေအထားရှိပါတယ်။ နောက် သင်္ဘောလှကျေးရွာမှ ငါးလာဝယ်တဲ့ ဦးညိုသာမှာတော့ နောက်ကျောမှာ တချက်ထိမှန်ခဲ့ပါတယ်၊ စိုးရိမ်စရာမရှိပါဘူး။ အခုကတော နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေပါတယ်။" စက်တင်ဘာ ၁၃ ရက်နေ့ကလည်း အဲဒီနေအိမ်ကို ဓားပြဝင်ရောက်တိုက်ခဲ့တာကြောင့် ငွေကြေးအပြင် ရွှေနဲ့ ပစ္စည်းအချို့လည်း ဆုံးရှုံးခဲ့ပါတယ်။ မော်လဝီကျေးရွာမှာ အရင်က အိမ်ခြေ ၇၀၀ ကျော်ရှိပြီး ARSA အကြမ်းဖက်ဖြစ် စဉ်ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် နေရပ်စွန့်ခွာထွက်ပြေးသွားကြပြီး အခုအခါ အိမ်ခြေ ၂၀ သာ နေထိုင်တယ်လို့ သိရပါတယ်။
3 years Ago

August 24, 2018

မြိတ်မြို့ ကမ္ဘောဇဘဏ်ခွဲ ၃ တွင် လုယက် ဓားပြတိုက်မှုဖြစ်ပွား

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ နောက်လယ်ရပ်၊ ပိတောက်ရွှေဝါလမ်းမကြီးမှာ ဖွင်လှစ်ထားတဲ့ ကမ္ဘောဇဘဏ်ခွဲ ၃ မှာ ဒီကနေ့ သြဂုတ် ၂၄ ရက်၊ မွန်းတည့် ၁၂ နာရီလောက်က လုယက် ဓားပြတိုက်မှု ဖြစ်ပွားခဲ့ပါတယ်။ အရပ် ၅ ပေ ၅ လက်မလောက်ရှိတဲ့ အမျိုးသားတဦးက ဘဏ်ထဲဝင်လာပြီး အရိုး ၁ ပေလောက်ရှိတဲ့ စတီးဓားကို ပြကာ ခြိမ်းခြောက်ပြီး ကောင်တာ ၂ က ဒေါ်သင်းသင်းအိထွေးထံကနေ တထောင်ကျပ်တန် ၃ သိန်း၊ ကောင်တာ ၅ မှ ဘဏ်ဝန်ထမ်း ကိုမင်းထွေးထံက တထောင်တန် ကျပ် ၂ သိန်း စုစုပေါင်း ကျပ် ၅ သိန်း လုယူထွက်ပြေးသွားပါတယ်။ မြိတ်မြို့ခံ ဦးတင်ကိုကိုဦးက “အဲဒီမှာ ဓားအရှည်ကိုင်ထားတဲ့ လူတယောက်ကနေပြီးတော့ ဓားပြတိုက်တာပေါ့။ အဲဒီမှာ ငွေ ၅ သိန်း ပါသွားတယ်။ အခုလောလောဆယ်တော့ မိပြီလို့လည်း သတင်းကြားတယ်။ ဒါပေမယ့် အတည်တော့ မဖြစ်သေးဘူး” လို့ ပြောပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်လို့ ခရိုင်ရဲတပ်ဖွဲ့မှူးကိုယ်တိုင် ကြီးကြပ်ပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းရှာဖွေနေဆဲ ဖြစ်ပါတယ်။ မြိတ်မြို့မှာ ပြီးခဲ့တဲ့ ဇူလိုင်လကလည်း ကမ္ဘောဇဘဏ်ခွဲ ၁ မှာ အလားတူ လုယက်ဓားပြတိုက်မှု ဖြစ်ပွားခဲ့လို့ ငွေသိန်းရာချီ ပါသွားခဲ့ဖူးပါတယ်။
3 years Ago
Up