ဓားထောက်ခေါ်ဆောင်သူကို

July 1, 2018

အမျိုးသမီးအား ဓားစာခံအဖြစ် ဓားထောက်ခေါ်ဆောင်သူကို ရဲက ပစ်ခတ်ဖမ်းဆီး

ရွှေပြည်သာမြို့နယ်မှာ အမျိုးသမီးတဦးအား ဓားထောက်ကာ ဓားစာခံအဖြစ် ခေါ်ယူပြီး ဆိုင်ကယ်အားလုယူ ထွက်ပြေးဖို့ ကြိုးစားသူကို ဆိုင်ကယ်လှည့်ကင်းတာဝန်ကျ တပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့ပါတယ်။ ဇွန် ၃၀ ရက် နေ့လယ်ပိုင်းက ရွှေပြည်သာမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်တွေဟာ ဆိုင်ကယ်လှည့်ကင်းအား ၂ ဖွဲ့ခွဲပြီး အမှတ် ၂ ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းပေါ်မှာ လှည့်ကင်းတာဝန်ဆောင်ရွက်နေစဉ် အင်းစိန်မြို့နယ်၊ တညင်းကုန်းလမ်းဆုံဘက်မှ သုံးယောက်အတူ စီးလာတဲ့ ဆိုင်ကယ်တစီးအား မသင်္ကာလို့ ရပ်တန့်ခိုင်းရာမှာ မောင်းနှင်ထွက်ပြေးသွားခဲ့တာကြောင့် လိုက်လံဖမ်းဆီးခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ လိုက်လံ ဖမ်းဆီးရာမှာ ဆိုင်ကယ် မောင်းနှင်လာသူ အမျိုးသားက ရွှေပြည်သာမြို့နယ်၊ အမှတ် ၂ ရပ်ကွက်အရောက်မှာ ဓားကိုင်ဆောင်ကာ ဆင်းလာပြီး ကျန် ၂ ဦးမှာ ဆက်လက်မောင်းနှင်ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ ဓားကိုင်ကျန်ရစ်သူ အမျိုးသားမှာ ဒေါင်းမင်းလမ်းအတိုင်း ထွက်ပြေးသွားလို့ ရဲတပ်သား မျိုးကိုကိုကျော်နဲ့ ဝင်းပိုင်တို့ လိုက်လံဖမ်းဆီးခဲ့ရာ ပန်းမူလမ်းထောင့်အရောက်မှာ လမ်းလျှောက်လာသူ အမျိုးသမီး ၁ ဦးရဲ့ လည်ပင်းအား ဓားထောက်ကာ ဓားစာခံအဖြစ် ခေါ်ဆောင်ပြီး အနီးရှိ JLM အနီရောင်ဆိုင်ကယ်သော့အား ဖျက်ဆီး ယူဆောင်ဖို့ ကြိုးစားခဲ့တယ်၊ ရဲတပ်ဖွဲ့ဝင်တွေက ဓားစာခံအမျိုးသမီးကို လွှတ်ပေးဖို့နဲ့ဓားချ  အဖမ်းခံဖို့ပြောရာမှာ ဓားနဲ့ ပြန်လည်ခုခံရန်ပြုတာကြောင့် ရဲတပ်သား မျိုးကိုကိုကျော်က MA 13 သေနတ် နဲ့ ၁ ချက် ပစ်ခတ်ခဲ့ရာ ဓားကိုင်သူ အမျိုးသားရဲ့ ဘယ်ဘက်ခါးမှ ဝမ်းဗိုက်ကို ဖောက်ထွက်ဒဏ်ရာ ၁ ချက်ရရှိခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ဒဏ်ရာက ဓားကိုင်အမျိုးသားဟာ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်နေ ဝင်းထွန်းနိုင် ဖြစ်ပြီး အင်းစိန်ဆေးရုံမှာ အတွင်းလူနာ (စိုးရိမ်းရ) အဖြစ် ဆေးကုသမှုခံယူနေကြောင်း သိရပါတယ်။ ဝင်းထွန်းနိုင်ကို ရွှေပြည်သာမြို့မ ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၆၄/၃၈၂/၃ဝ၇/၃၅၃ နဲ့ အမှုဖွင့် အရေးယူထားကြောင်း သိရပါတယ်။
3 years Ago
Up