ဓားဖြင့်လိုက်ခုတ်

June 25, 2020

Quarantine ဝင်ရန်သွားခေါ်စဉ် ဓားဖြင့်လိုက်ခုတ်သဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရ

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်မှာ ထိုင်းနိုင်ငံမှ ပြန်လာတဲ့ မိသားစုကို  Quarantine ထားရှိဖို့အတွက်  သွားရောက်ခေါ်ဆောင်ခဲ့တဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးကို အမျိုးသားတစ်ဦးက ဓားနဲ့ လိုက်ခုတ်တဲ့အတွက် သေနတ်နဲ့  ပစ်ခတ်ဖမ်းဆီးခဲ့ရပါတယ်။  ဇွန် ၂၃ ရက်နေ့က ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ချောင်းမွန်ကျေးရွာမှာ ထိုင်းနိုင်ငံက​နေ တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်လာသူ မိသားစု ၅ ဦး ရောက်ရှိ နေတယ်လို့ သတင်းပေးချက်အရ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးလွင်မိုးသူနဲ့ အဖွဲ့က အဆိုပါ မိသားစုကို မိုးလုံလေလုံအားကစားရုံရှိ Facility Quarantine Center မှာထားရှိဖို့ သွားရောက်ခေါ်​ဆောင်ခဲ့တာပါ။ လာရောက်ခေါ်ဆောင်သူတွေကို ထိုင်းနိုင်ငံမှဝင်ရောက်လာတဲ့ မိသားစုဝင်တဦးဖြစ်တဲ့ ဦးသိန်းနိုင်က ဓားနှစ်ချောင်းနဲ့ လိုက်လံထိုးခုတ်တာကြောင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က ထွက်ပြေးခဲ့ရတယ်လို့ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ ဒီနောက် အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က ပြည်ကြီးမဏ္ဍိုင်နယ်မြေရဲစခန်းမှ နယ်ထိန်းရဲတပ်ဖွဲ့ဝင် တွေနဲ့ အတူ ဦးသိန်းနိုင်ကို သွားရောက်ရှာဖွေရာမှာ ဦးသိန်းနိုင်က နေအိမ်ရှေ့ ချုံပုတ်မှာကွယ်ပြီး လာရောက်ဖမ်းဆီးသူတွေကို ဓားနှစ်ချောင်းနဲ့ လိုက်လံထိုးခုတ်ခဲ့တဲ့အတွက် ရဲက သေနတ်နဲ့ ခြောက်လှန့်ပစ်ခတ်ခဲ့ရတယ်လို့ ဆိုပါတယ်။ ပစ်ခတ်မှုကြောင့် ဦးသိန်းနိုင်ရဲ့ ဝဲဘက်ပေါင်းအရင်းကို ကျည်ဖောက်ဝင် ဒဏ်ရာ ၁ ချက်ရရှိ ခဲ့ပြီး ဓားနဲ့ ဆက်လက်ထိုးခုတ်နေတဲ့အတွက် ထပ်မံပစ်ခတ်ရာ ဝဲခြေသလုံးအလယ်သို့ ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်ရရှိခဲ့ပြီး ဦးသိန်းနိုင်ကို ပြည်ကြီးမဏ္ဍိုင်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူစေခဲ့တယ်လို့ သိရပါတယ်။ ဓားနဲ့ရန်ပြုသူ ​ဦးသိန်းနိုင် (၅၈)နှစ်ကို ပြည်ကြီးမဏ္ဍိုင်နယ်မြေရဲစခန်းက ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၀၇၊ ၃၅၃ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့  ရဲစခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။ သတင်း- လတ်ကိုကိုဦး
11 months Ago

November 4, 2019

ဟောင်ကောင်တွင် ဆန္ဒပြသူများကို အမျိုးသား ၁ ဦးက ဓားဖြင့်လိုက်ခုတ် 

ဟောင်ကောင်မှာ နိုဝင်ဘာ ၃ ရက်က ဆန္ဒပြပွဲအတွင်း အမျိုးသားတယောက်က လူအတော်များများကို ဓားနဲ့ လိုက်ခုတ်ခဲ့လို့ ဒေသခံ နိုင်ငံရေးသမားတယောက် နားရွက် ဒဏ်ရာရခဲ့ပါတယ်။ လူအတော်များများလည်း ဒဏ်ရာရပြီး ဓားသမားကို ဆန္ဒပြသူတွေက ဝိုင်းရိုက်ခဲ့ပါတယ်။ ကုန်တိုက်အပြင်က လူသွားစင်္ကြံပေါ်မှာတော့ အမျိုးသားတယောက် သွေးအိုင်ထဲ လဲနေခဲ့ပါတယ်၊။ ဟောင်ကောင်အရှေ့ပိုင်းက ထိုက်ခိုးရှင်းရပ်ကွက်ထဲက စီးတီးပလာဇာထဲမှာ ဆန္ဒပြနေတုန်း ရဲတွေနဲ့ ထိပ်တိုက်တွေ့ပြီး ပဋိပက္ခ ဖြစ်ခဲ့တာပါ။ ဒဏ်ရာရသူတွေထဲမှာ ဒီမိုကရက်ပါတီက ခရိုင်ကောင်စီဝင် အန်ဒရူးချူးလည်း ပါပြီး ပြတ်သွားတဲ့ သူ့နားရွက်ကို သွေးစွန်းလက်နဲ့ ပလတ်စတစ်အိတ်ထဲ ထည့်ကိုင်ထားခဲ့ရပါတယ်။ ဆန္ဒပြသူတွေက ငြိမ်းငြိမ်းချမ်းချမ်း ကြွေးကြော် ချီတက်အပြီးမှာ ကုန်တိုက်တန်းထဲက စားသောက်ဆိုင်တဆိုင်ကိုလည်း ဖျက်ဆီးခဲ့တယ်လို့ ရဲက ပြောပါတယ်။  ဓားနဲ့ တိုက်ခိုက်မှုကို ဟောင်ကောင်ရဲတပ်ဖွဲ့က  စုံစမ်းစစ်ဆေးနေပြီး လူအတော်များများကိုလည်း ဖမ်းဆီးခဲ့ပါတယ်။
2 years Ago
Up