ဓားဖြင့်ထိုးသတ်ခဲ့သူ

September 19, 2020

မဲဆောက်တွင် ချစ်သူမိန်းကလေးအား ဓားဖြင့်ထိုးသတ်ခဲ့သူကို ဖမ်းမိ

ထိုင်းမြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့နယ်ထဲမှာ ချစ်သူမိန်းကလေးကို ဓားနဲ့ထိုး သတ်ပြီး ထွက်ပြေးလွတ်မြောက်နေတဲ့ အသက် ၂၁ နှစ်အရွယ် လူငယ် ၁ ဦးကို တာဝန်ရှိသူတွေက စက်တင်ဘာ ၁၈ ရက် ညနေပိုင်းမှာ ဖမ်းဆီးရမိခဲ့တယ်လို့ AEC News သတင်းမှာ ဖော်ပြပါတယ်။   ဒီမတိုင်ခင် ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်နေ့က အသက် ၁၇ နှစ်ရွယ်ရှိ အဲန်းဆိုသူ မိန်းကလေးဟာ တာ့ခ်ခရိုင် မယ်လမတ်မြို့နယ် မဲ့ကျလော့အုပ်စု ဟွေ့ပုန်ကျေးရွာရှိ သူမ နေအိမ်ထဲမှာ ဓားဒဏ်ရာတွေနဲ့ သေဆုံးသွားလို့ တာဝန်ရှိသူတွေက လူသတ်သမားကို လိုက်လံရှာ ဖွေနေခဲ့ပါတယ်။  လူသတ်မှုမှာ ရဲတွေက မိန်းကလေးရဲ့ ရည်းစားဟောင်းဖြစ်သူ အသက် ၂၁ နှစ်ရွယ်ရှိ  နိုင်းအေးဆိုသူကို သံသယအရှိဆုံးသူအဖြစ် ပစ်မှတ်ထားရှာဖွေခဲ့ပြီး နိုင်းအေးအား ဖမ်းဆီးရမိအောင် ကူညီပေးသူကို ဆုငွေ ဘတ် ၂ သောင်းပေးမယ်လို့လည်း ကြေညာထားပါတယ်။ ဒီကနေ့ မနက်မှာတော့  မဲဆောက်မြို့နယ် မဲ့ကာဆာအုပ်စုရှိ ပြောင်းခင်းထဲမှာ နိုင်းအေးကို တွေ့ရကြောင်း ရွာသားတွေက အကြောင်းကြားတဲ့အတွက် ရဲ၊ စစ်တပ်၊ အုပ်ချုပ်ရေးနဲ့  နယ်ခြားစောင့်တပ်တွေ ပါဝင်တဲ့ အင်အား ၅၀ ရှိ ပူးပေါင်းအဖွဲ့ဝင်တွေဟာ အဆိုပါပြောင်းခင်းထဲမှာ နိုင်းအေးကို ပိုက်စိပ်တိုက်ရှာဖွေခဲ့ပါတယ်။ နိုင်းအေးကို တွေ့ချိန်မှာတော့ သူဟာ ၂၄ နာရီလုံး ဘာမှ မစားခဲ့ရတဲ့အတွက် အားအင်ချိနဲ့နေလို့  အလွယ်တကူ ဖမ်းဆီးရမိခဲ့ပါတယ်။  ဒါ့အပြင် လူသတ်မှုကျူးလွန်ခဲ့တဲ့ အလျား ၁ ပေခန့်ရှိ ဦးချွန်ဓားမြောင်တစ်ချောင်းကိုလည်း အခင်းဖြစ်တဲ့နေရာနဲ့ ၂ ကီလိုအကွာရှိ ပြောင်းခင်းထဲမှာပဲ ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။  တာဝန်ရှိသူတွေက နိုင်းအေးကို စစ်ဆေးရာမှာတော့ သေဆုံးသူမိန်းကလေးနဲ့သူဟာ ချစ်သူရည်းစားတွေဖြစ်ကြောင်း၊ တနေ့မှာ မိန်းကလေးက သူ့ကိုဖြတ်ပြီး နောက်တစ်ယောက်နဲ့ ထပ်တွဲလို့ သဝန်တိုကာ မိန်းကလေးအိမ်မှာပဲ ဓားနဲ့ထိုးခဲ့တာလို့ ဝန်ခံသွားကြောင်း မယ်လမတ်န ယ်မြေရဲစခန်း ရဲအုပ်ကြီး နရေ့ဖူးလ်နိုင်က သတင်းထောက်တွေကို ပြောသွားပါတယ်။  မိန်းကလေးသေဆုံးတာနဲ့ပတ်သက်ပြီး နိုင်းအေးရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှာ ကွန်မဲင့်ပေါင်း သုံးရာကျော် ဝိုင်းဝန်းဆဲဆိုရှုတ်ချနေကြတယ်လို့ သတင်းမှာဖော်ပြပါတယ်။ 
1 year Ago

March 17, 2020

မသန်စွမ်း ၁၉ ဦးအား ဓားဖြင့်ထိုးသတ်ခဲ့သူကို ဂျပန်တရားရုံး သေဒဏ်ချမှတ်

စိတ်ဝေဒနာရှင်များ စောင့်ရှောက်ရေးဂေဟာတခုက မသန်စွမ်းပုဂ္ဂိုလ် ၁၉ ဦးကို သေစေခဲ့တဲ့ ဓားထိုးမှုကျူးလွန်သူ ဂျပန်အမျိုးသားတဦးကို တရားရုံးက မတ် ၁၆ ရက်နေ့မှာ သေဒဏ်ချမှတ်လိုက်ပါပြီ။ ဆာတိုရှိအူအဲမတ်ဆုလို့ ခေါ်တဲ့ အဲဒီအမျိုးသားဟာ တိုကျိုမြို့အနီးရှိ စောင့်ရှောက်ရေး ဂေဟာမှာ တချိန်က အလုပ်လုပ်ခဲ့ဖူးသူလည်း ဖြစ်တယ်လို့ နိုင်ငံတကာမီဒီယာတွေက ဖော်ပြပါတယ်။ ၂၀၁၆ က ဖြစ်ခဲ့တဲ့ ဒီဖြစ်ရပ်ဟာ အကြမ်းဖက်ပြစ်မှုတွေ ဖြစ်ခဲလှတဲ့ ဂျပန်နိုင်ငံမှာ အများပြည်သူကို အံ့ဩစေခဲ့တဲ့ အဆိုးဝါးဆုံး လူအစုအပြုံလိုက် သတ်ဖြတ်မှုတခုလည်း ဖြစ်ခဲ့ပါတယ်။  တရားခံဟာ အစောပိုင်းက မိုင်နိချိရှင်မ်ဘွန်းသတင်းစာနဲ့ အင်တာဗျူးမှာလည်း စိတ်ကျန်းမာရေးမကောင်းတဲ့သူတွေကို လူ့အဖွဲ့အစည်းအကျိုးအတွက် သတ်ခဲ့တာလို့ ထုတ်ဖော်ဖူးပါတယ်။  အသက် ၃၀ အရွယ် ရှိတဲ့ အူအဲမတ်ဆုဟာ ၂၀၁၆  ဇူလိုင် ၂၆ က တိုကျိုမြို့ပြင်မှာရှိတဲ့ ဆုကူအီယာမယုရိအန် စောင့်ရှောက်ရေးဂေဟာကို ကားပေါ်မှာ ဓားတွေအများကြီး တင်မောင်းလာခဲ့ရင်း၊ ပြတင်းပေါက်တခုကို ချိုးဖျက်ပြီး ဂေဟာထဲ ဝင်ခဲ့ပါတယ်။  ဒီနောက်မှာတော့ ဂေဟာထဲ အိပ်ပျော်နေတဲ့ လူနာတွေကို တခန်းချင်းဝင်ပြီး ဓားနဲ့ ထိုးသတ်ခဲ့ပါတယ်။ သေဆုံးသူတွေကတော့ အသက် ၁၉ နှစ်ကနေ ၇၀ အရွယ်အတွင်း လူတွေဖြစ်ပြီး၊ နောက်ထပ် ၂၅ ဦးကတော့ ဒဏ်ရာတွေမျိုးစုံ ရခဲ့ပါတယ်။  အခင်းဖြစ်ပွားပြီးနောက် အူအဲမတ်ဆုဟာ ရဲစခန်းကို ကိုယ်တိုင်သွားရောက် အဖမ်းခံခဲ့ပြီး၊ ဆေးရုံပို့ စစ်ဆေးကုသခံခဲ့ရပေမယ့် နောက်ပိုင်းမှာ ထိန်းသိမ်းခံခဲ့ရတာပါ။  သူ့ရှေ့နေတွေက သူဟာ စိတ်ကျန်းမာရေးဒဏ် ခံစားနေရပြီး ဆေးအလွဲသုံးမှုလည်း ရှိတယ်လို့ လျှောက်လဲခဲ့ပေမယ့် ယိုကိုဟားမားခရိုင် တရားရုံးက ကြိုးမိန့်သေဒဏ်ကို မတ် ၁၆ ရက်နေ့မှာ ချမှတ်ခဲ့တယ်လို့ မီဒီယာတွေက ဖော်ပြထားပါတယ်။ 
2 years Ago
Up