ဓားဖြင့်ထိုးသတ်

December 10, 2020

ထိုင်းတွင် မြန်မာအလုပ်သမားအချင်းချင်း ဓားဖြင့်ထိုးသတ်ပြီး ထွက်ပြေးနေသူ ဖမ်းဆီးရမိ 

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး နခွန်းပထုန်ခရိုင်ထဲမှာ မြန်မာအလုပ်သမား အချင်းချင်း ဓားနဲ့ထိုးသတ်ပြီး ထွက်ပြေးတိမ်းရှောင်နေသူကို ဖမ်းဆီးရမိတယ်လို့  ထိုင်းလဝကရဲတပ်ဖွဲ့က ဒီဇင်ဘာ ၈ ရက်နေ့   သတင်းစာရှင်းပွဲမှာ ပြောပါတယ်။  နခွန်းပထုန်ခရိုင် နခွန်းပထုန်မြို့ သရီးဖရစ်ရပ်ကွက်ထဲမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက်နေ့က ခိုက်ရန်ဖြစ်ပွားဓားထိုးမှုဖြစ်ကြောင်း သတင်းပေးချက်အရ နခွန်းပထုန်ရဲစခန်းတာဝန်ရှိသူတွေက သွားရောက်စစ်ဆေးရာမှာ အခင်းဖြစ်ပွားတဲ့ ဆောက်လုပ်ရေးအလုပ်သမားတန်းလျားမှာ အသက် ၂၃ နှစ်ရွယ်ရှိမြန်မာအလုပ်သမား ခွန်အောင်သိန်း ဆိုသူမှာ ဓားဒဏ်ရာတွေနဲ့ လဲကျသေဆုံးနေတာ တွေ့ရတယ်လို့ ဆိုပါတယ်။  ဆေးရုံက ဆေးစစ်ချက်တွေအရ ခွန်အောင်သိန်းမှာ မျက်နှာ ၊ လည်ပင်း  နဲ့  ဝဲဘက်ရင်ဘတ်မှာ ချွန်ထက်သောအရာတွေနဲ့ ထိုးနှက်ခံထားရတဲ့ ဒဏ်ရာနဲ့ သေဆုံးသွားတာလို့ ဆိုပါတယ်။ အနီးနားရှိ မျက်မြင်သက်သေတွေ ပြောပြချက်အရ ဓားထိုးမှုကျူးလွန်သူမှာ အသက် ၂၈ နှစ်အရွယ်ရှိ ကိုချမ်းဆိုသူ မြန်မာအလုပ်သမားဖြစ်ကြောင်း ၊ ဓားထိုးမှုမဖြစ်ခင် ခွန်အောင်သိန်းနဲ့ ကိုချမ်းတို့ဟာ ကိုအေးရဲ့အခန်းထဲမှာ ဝိုင်းဖွဲ့အရက်သောက်နေကြောင်း၊ မကြာခင်မှာ အချင်းချင်းငြင်းခုံစကားများပြီး ကိုချမ်းက ခွန်အောင်သိန်းကို ဓားနဲ့ထိုးကာ ဇနီးသည်နဲ့အတူ ထွက်ပြေးတိမ်း ရှောင်နေတာလို့ ဆိုပါတယ် ။  တာဝန်ရှိရဲတပ်ဖွဲ့ဝင်တွေက ကိုချမ်းထွက်ပြေးရာနောက်ကို စီစီကင်မရာတွေနဲ့ လိုက်လံစုံ စမ်းစစ်ဆေးပြီး သူတို့ဟာ ဆမွတ်ဆာခွန်းခရိုင် ဆမွတ်ဆာခွန်းမြို့ မဟာချိုင်ရပ်ကွက်ရှိ အိမ်တစ်အိမ်မှာ ပုန်းရှောင်နေတာကို သိရတဲ့အတွက် နောက်ယောင်ခံဖမ်းဆီးခဲ့တယ်လို့ သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။ 
5 months Ago
Up