ထိုင်းနိုင်ငံအလယ်ပိုင်း လုပ်ပူရီမြို့ ရော်ဘင်ဆန်ကုန်တိုက်ကြီးထဲမှာ ဇန်နဝါရီ ၉ ရက်ညက အော်ရိုလာအမည်ရှိ ရွှေဆိုင် ဓားပြတိုက်ခံရပြီး အဲဒီဓားပြဟာ အနီးနားက လူတွေနဲ့ ရွှေဆိုင်အရောင်းဝန်ထမ်းတွေကိုပါ သေနတ်နဲ့ပစ်ခတ်သွားလို့ အသက် ၂ နှစ်သား ကလေးငယ်တယောက်အပါအဝင် လူ ၃ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရခဲ့ပါတယ်။
အဲဒီဓားပြဟာ တကိုယ်လုံး လုံခြုံစွာဝတ်ဆင်ဖုံးအုပ်ပြီး အသံတိတ်သေနတ်နဲ့ ပစ်ခတ်ကာ ကျွမ်းကျင်စွာ ဆိုင်ကယ်နဲ့ထွက်ပြေးလွတ်မြောက်သွားတဲ့အတွက် တာဝန်ရှိသူတွေက ၁၃ ရက်တိုင် ခက်ခဲစွာ စုံစမ်းထောက်လှမ်းခဲ့ရသလို ဓားပြရှိရာ သတင်းပေးနိုင်သူကို ရဲတပ်ဖွဲ့က ဘတ် ၁သိန်း၊ တခြားအလှူရှင်တွေကလည်း လာရောက်ပေါင်းထည့်ပြီးဘတ် ၆ သိန်း ဆုချမယ်လို့ ထုတ်ပြန်ကြေညာခဲ့ရပါတယ်။
ဇန်နဝါရီ ၂၂ ရက် မနက်မှာတော့ လူသတ်ဓားပြတိုက်သူလို့ သံသယရှိတဲ့ ကျောင်းအုပ်ဆရာကြီး တဦးကို ဖမ်းဆီးစစ်ဆေးပြီး ဇန်နဝါရီ ၂၃ ရက် မနက် ၁၀ နာရီခွဲမှာ ထိုင်းရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။
ဖမ်းမိရမိသူဟာ ဆင်းပူးရီးမြို့ စာသင်ကျောင်းတခုက အသက် ၃၉ နှစ်ရှိတဲ့ ကျောင်းအုပ်ဆရာကြီး ခူးဂွပ်ဖ်(ခ)နိုင်းပဆစ်ထိချိုင်းခေါဝ်ကျောက်ဖြစ်ကာ သေနတ်ပစ်သင်တန်း ဆရာလည်းဖြစ်ပါတယ်။
သူဟာ မဟာဝိဇ္ဇာဘွဲ့ရထားပြီး မကြာသေးခင်ကမှ ချစ်သူ ကျောင်းဆရာမတဦးနဲ့ ကြီးကျယ်ခမ်းနားစွာ လက်ထပ်ထားတာပါ။
ဖခင် ရဲအရာရှိဟောင်း၊ မိခင် အငြိမ်းစားကျောင်းဆရာမ ဖြစ်ပြီး ယောက္ခမတွေကလည်း ဆင်းရဲတဲ့ အသိုင်းအဝိုင်းက မဟုတ်ပါဘူး။ ကျောင်းလာရင်လည်း ဘီအမ်ဒဗလျူ နောက်ဆုံး ပေါ်ကားကို ကိုယ်တိုင်မောင်းနှင်လာပြီး တန်ဘိုးကြီး အဝတ်အစားတွေနဲ့ ကျော့မော့စွာနေ ထိုင် သူလို့ ဆိုပါတယ် ။
ဒါကြောင့် ရွှေဆိုင်မှာလူသတ်ဓားပြတိုက်သူဟာ ဒီကျောင်းအုပ်ဆရာကြီးဖြစ်ကြောင်း ရဲက ဖွင့်ပြောချိန်မှာတော့ အားလုံးဟာ အံ့အားသင့်ကုန်ပါတယ်။
ကျောင်းအုပ်ကြီးဟာ ဇန်နဝါရီ ၉ ရက် အခင်းဖြစ်ပြီးနောက်ပိုင်း ဘယ်မှမသွားဘဲ ပုံမှန်ကျောင်းတက်၊ ကလေးများနေ့အခမ်းအနားကျင်းပ၊ မိန်းမနဲ့လျှောက်လည်တာ၊ ဖေ့စ်ဘွတ်ခ်သုံး နေတာမို့ သူ့ကျောင်းက ဆရာ၊ ဆရာမနဲ့ ကျောင်းသားတွေကို သတင်းထောက်က သွားမေးရာမှာ
အားလုံးက သူတို့ဆရာကြီးဟာ လူသတ်ဓားပြတိုက်တယ်ဆိုတာ မယုံကြဘူးလို့ ပြောပါတယ် ။
ရဲကတော့ သူတို့ဟာ လူမှားပြီး ဖမ်းဆီးတာ မဟုတ်ရကြောင်း လူမှားဖမ်းမိရင်တော့ သူတို့ရဲတပ်ဖွဲ့အတွက် လူ့အသိုင်းအဝိုင်းမှာ နေစရာရှိမှာမဟုတ်ဘူးလို့ ထိုင်းအမျိုးသား ရဲချုပ်ကြီး ကျထစ်ချိုင်းကျင်းဒါးက သတင်းထောက်တွေကို ပြောပါတယ်။
လူဆိုးကို ဖမ်းမိဖို့ စုံစမ်းရာမှာ သူအသုံးပြုတဲ့ အသံတိတ် သေနတ်အမျိုးအစား၊ အရပ်အမောင်း၊ အဝတ်အစား၊ ဖိနပ်၊ ကျောပိုးအိတ်၊ ဆိုင်ကယ်၊ ကျည်ခွံနဲ့ ကျန်ရစ်ခဲ့တဲ့ ခြေရာလက်ရာတွေကို ဗဟိုပြုပြီး နေရာအနှံ့က စီစီကင်မရာတွေ စစ်ဆေးကြည့်ရှုသလို ပြည်သူတွေက ပေးပို့လာတဲ့ မျက်မြင် သက်သေတွေပါ တိုက်ဆိုင်စစ်ဆေးပြီး သုံးသပ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် လူဆိုးအသုံးပြုတဲ့ သေနတ်အမျိုးအစားနဲ့ သေနတ်ပြောင်းဝက အသံလုံကရိယာ ပိုင်ဆိုင်သူ စာရင်းတွေ ကောက်ပြီး ဖြစ်နိုင်ခြေကို ချုံ့လိုက်ကာ ဆိုင်ကယ်အမည် ပေါက်စာရင်းတွေ လည်း မှတ်ပုံတင်ရုံးမှာ စုံစမ်းခဲ့ကြောင်း၊ ဓားပြတိုက်သူဟာ သာမန်မဟုတ်ဘဲ စေ့စပ်သေချာသူ၊ သေနတ်ပစ်အလွန်ကျွမ်းကျင်သူဖြစ်ပြီး အဲဒီလူတွေဟာ နယ်မြေထဲမှာ များများစားစားမရှိကြောင်း၊ လမ်းလျှောက်ရင် ခြေခွင်နေလို့ ဖြစ်နိုင်ခြေအားလုံးကို ဆက်စပ်ပြီး သံသယရှိ သူကို ပစ်မှတ်ထား ခဲ့တာလို့ ရဲချုပ်ကြီးက ပြောပါတယ်။
ရဲတပ်ဖွဲ့ဟာ ဇန်နဝါရီ ၂၂ ရက်မနက်စောစော ကျောင်းအုပ်ကြီး အလုပ်ဆင်းဖို့ လုပ်ဘူရီမြို့ ကနေ သူ့ကားနဲ့ထွက်ခွာလာစဉ် လမ်းမှာ ဖမ်းဆီးလိုက်ကြောင်း၊ ကျောင်းအုပ်ကြီး ဂွပ်ဖ်ကလည်း ခုခံမှုမရှိဘဲ အသာတကြည် အဖမ်းခံလိုက်တယ်လို့ ဆိုပါတယ်။
ကျောင်းအုပ်ကြီးက ဖြစ်စဉ်ကို ပြန်ပြောရာမှာ အခင်းဖြစ်တဲ့ညမှာ သူဟာ ဖခင်ဖြစ်သူ ရဲအရာရှိဟောင်းရဲ့သေနတ်၊ ယောက္ခမအိမ်က ဆိုင်ကယ်ကို ငှားရမ်းပြီး ဓားပြ သွားတိုက်ခဲ့ကြောင်း၊ အဓိကမှာ အကြွေးဆပ်စရာငွေ ၇ သိန်းကျော်ရှိပြီး မိဘတွေကို စိတ်ဆင်းရဲအောင် အကြိမ်ကြိမ်ပြု လုပ်ခဲ့မိလို့ လောကကြီးကို ငြီးငွေ့စိတ်ကုန်လာတာကြောင့် စွန့်စားခန်းနဲ့အတူ ရဲတွေရဲ့ လက်ချက်နဲ့ အပစ်ခံရပြီး သေသွားချင်လို့ ကျူးလွန်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီနောက် သူဟာ ပြစ်မှုကျူးလွန်ပြီးတာနဲ့ အဝတ်အစား၊ ကျောပိုးအိတ်နဲ့ဖိနပ်တွေကို တောထဲမှာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ သေနတ်နဲ့ဆိုင်ကယ်ကို ဖခင်နဲ့ယောက္ခမထံ ပြန်ပို့ပြီး ဓားပြတိုက်လာတဲ့ ရွှေတွေကိုတော့ မြစ်ထဲပစ်ချခဲ့တယ်လို့ ပြောပါတယ်။
ဒါကြောင့်ရဲတပ်ဖွဲ့ဟာ ရေငုပ်သမားနဲ့အတူ အဲဒီ ရွှေတွေကို ရေထဲလိုက်လံရှာဖွေသလို နိုင်းဂွပ်ဖ်ရဲ့အိမ်၊ သူ့မိဘအိမ်၊ ယောက္ခမအိမ်တွေပါ ရှာဖွေခဲ့ပြီး ကျူးလွန်ရာမှာ အသုံးပြုတဲ့ ဆိုင်ကယ်နဲ့သေနတ်တွေ ဖမ်းမိခဲ့ပါတယ်။ ဒါ့အပြင် ဓားပြတိုက်ထားတဲ့ ရွှေတွေကိုလည်း သူ့ဇနီး အိမ်ရဲ့ ကားဂိုဒေါင် မျက်နှာကြက်မှာပဲ ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ပစ္စည်းလိုချင်လို့ ဓားပြတိုက်ရာမှာ ဘာကြောင့် အပြစ်မဲ့တဲ့သူတွေကို ပစ်ခတ်ရသလဲလို့ သတင်းထောက်တွေက မေးရာမှာတော့ နိုင်းဂွပ်ဖ်က သူထွက်ပြေး လွတ်မြောက်ဖို့ လမ်းရှင်းတဲ့ အနေနဲ့ပစ်ခတ်တာဖြစ်ကြောင်း၊ ကလေးကိုတော့ မရည်ရွယ်ဘဲထိမိသွားတာဖြစ်လို့ စိတ်မကောင်း ဖြစ်မိပြီး ကလေးမိဘတွေကို တောင်းပန်ကြောင်း၊ ကျန်တဲ့သေဆုံးဒဏ်ရာရသူတွေရဲ့ မိဘဆွေမျိုး တွေကိုလည်း တောင်းပန်ကြောင်း ဒီကနေ့သတင်းစာရှင်းပွဲမှာ နိုင်းဂွပ်ဖ်က ဝန်ခံသွား ပါတယ်။
ရဲတပ်ဖွဲ့က နိုင်းဂွပ်ဖ်ကို လူသတ်မှု ၊ဓားပြမှု ၊ လက်နက်မှုအစရှိတဲ့ ပြစ်မှုပေါင်း ၇ ခုနဲ့ စွဲချက်တင်ပြီး တရားဥပဒေအရ အရေးယူသွားမယ်လို့ ဆိုပါတယ်။
ကိုးကား - သနေရှင်း / ထိုင်းရတ် / ထိုင်းဘီပီအက်စ် / ခေါဝ်ဆွတ် သတင်းများ
1 year Ago