ရန်ကုန်တိုင်း၊ ပုဇွန်တောင်မြို့နယ်၊ အထက်ပုဇွန်တောင်လမ်းမပေါ်ရှိ CB ဘဏ်မှာ မတ်လ ၁ ရက် ဒီနေ့မနက် ၁၀ နာရီခွဲလောက်က သေနတ်အတုနဲ့ ခြိမ်းခြောက်ကာ ဓားပြတိုက်မှု ဖြစ်ပွားခဲ့ပြီး အသက်မပြည့်သေးတဲ့ လူငယ် နှစ်ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ဘဏ်ဝန်ထမ်း အမျိုးသမီးတဦးက “နှစ်ယောက်ဝင်လာတာ၊ တယောက်လက်ထဲမှာ သေနတ်အတိုပါတယ်ရှင့်၊ တယောက်က ဓားမြောင်ကိုင်ထားတယ်။ ဘဏ်ဝန်ထမ်းတယောက်ကို သေနတ်နဲ့ချိန်ထားပြီး နောက်တယောက်က ကောင်တာပေါ်ရှိသမျှ ပိုက်ဆံတွေကို အိတ်ထဲထည့်နေတာ။ သူတို့ပြန်အထွက်မှာပဲ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရောက်လာပြီး ဖမ်းဆီးသွားပါပြီ” လို့ ပြောပါတယ်။
အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်း ဓားပြတိုက် လုယက်မှုတွေ မကြာခဏ ဖြစ်ပွားနေတဲ့အတွက် ဘဏ်တွေမှာ အရပ်ဝတ်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကင်းပုန်းဝပ် လုံခြုံရေးရယူထားတာတွေ ရှိတယ်လို့ ဆိုပါတယ်။
သူထူးအောင် (၁၅ နှစ်)၊ သန့်ဇင်အောင် (၁၄ နှစ်) တို့ကို ပစ္စတိုသေနတ်အတု တလက်၊ ဓားမြောင်နှစ်ချောင်း၊ ငွေကျပ် သိန်း ၁၆၀ တို့နဲ့အတူ ဘဏ်အထွက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၁၀ ရက်ကလည်း လှိုင်သာယာမြို့နယ်က CB ဘဏ် ဓားပြတိုက်ခံရပြီး ငွေကျပ် သိန်း ၅၀ ခန့် ယူဆောင်သွားကာ တရားခံဖြစ်သူတွေကို ဖမ်းဆီးအရေးယူနိုင်ခြင်း မရှိသေးပါဘူး။
စစ်ကိုင်းတိုင်း မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်၊ ဗဟိုလမ်းမှာ ဇန်နဝါရီ ၂၀ ရက် ညဦးပိုင်းက ကုန်စုံဆိုင် တဆိုင် ဓားပြတိုက်ခံရပြီး ဓားခုတ်ခံရတာကြောင့် ဆိုင်ရှင်အမျိုးသား သေဆုံးကာ ဇနီး ဖြစ်သူ အပြင်းအထန် ဒဏ်ရာရသွားတယ်လို့ မြို့ခံတဦးက ပြောပါတယ်။
ရပ်ကွက်အနီးနေသူတဦးက “ည ၇ နာရီခွဲလောက်မှာ ဆိုင်ကယ်နဲ့ လူတစုက ဓားပြဝင်တိုက်တာ။ ဆိုင်ရှင် ကောင်လေးက ဓားဒဏ်ရာတွေနဲ့ ဆုံးသွားပြီ ကောင်မလေးလည်း ဒဏ်ရာရလို့ ဆေးရုံ ပို့လိုက်ရတယ်" လို့ ပြောပါတယ်။
ဆိုင်ကယ်နဲ့ လူ ၄ ဦးပါအဖွဲ့ဟာ ဓားပြတိုက်ချိန် ငွေတောင်းတာ မပေးတာကြောင့် ဆိုင်ရှင် အမျိုးသားအား ဓားနဲ့ခုတ်ခဲ့ရာ လက်မောင်း၊ နောက်ကျော၊ ရင်ဘတ်ပြတ်နဲ့ လက်တွေမှာ ဒဏ်ရာတွေ ရပြီး ဇနီးဖြစ်သူကတော့ မျက်နှာနဲ့ လက်တွေမှာ ဓားဒဏ်ရာတွေ ရသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဓားပြမှုကျူးလွန်သူတွေ ဘယ်သူဆိုတာနဲ့ ငွေနဲ့ ပစ္စည်း ဘယ်လောက်ပါသွားတယ်ဆိုတာာ မသိရှိရသေးပါဘူး။
စစ်အာဏာသိမ်းပြီးနောက် မုံရွာမြို့ပေါ်မှာ လူသတ်မှု၊ ဓားပြမှုတွေ မကြာခဏဖြစ်ပွားနေပြီး ဓားပြမှု အများစုကို စစ်အုပ်စုနဲ့ ပျူတွေ ပူးပေါင်းကျူးလွန်တာလို့ မုံရွာ ပြည်သူ့ ကာကွယ်ရေးအဖွဲ့ရဲ့ ဖမ်းဆီးခံခဲ့ရသူတွေ ထွက်ဆိုထားတဲ့ ရုပ်သံသတင်းတွေလည်း ပြီးခဲ့တဲ့နှစ်က ပျံ့နှံခဲ့ပါတယ်။