ဓားပြ

September 5, 2022

တမူးမြို့၌ ဓားပြ ၅ ယောက်ကို မြို့ခံလူငယ်များက ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ တမူးမြို့၊ ဇမ္ဘူရတနာ ဘုန်းတော်ကြီးကျောင်းအနီးရှိ နေအိမ်တအိမ်ကို စက်တင်ဘာ ၄ ရက် ညဦးပိုင်းမှာ ဓားပြဝင်တိုက်တဲ့  ၅ ယောက်ကို ရပ်ကွက်လုံခြုံရေး ကင်းစောင့်နေတဲ့ ဂေါ်ရခါးလူငယ်တွေက  ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေထံကသိရပါတယ်။

ဓားပြအဖွဲ့မှာ အမျိုးသား ၇ ယောက်ပါဝင်ပြီး ၂ ယောက်ကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ တမူးမြို့ခံတဦးက ပြောပါတယ်။

"ဓားပြတိုက်တာတွေ မကြာခဏဖြစ်‌နေတော့ ဂေါ်ရခါးလူငယ်တွေ အဖွဲ့လိုက်ကင်းစောင့်‌ နေကြတုန်းဂေါ်ရခါးလူမျိုး‌ နေတဲ့အိမ်ကို ဓားပြဝင်တိုက်တာ။ အဲ့ဒီမှာဝိုင်းဖမ်းကြတာ၊ ဓား ၂ ချောင်းနဲ့ သံတုတ်တစ်ခုပါတာ။ ဓားပြတွေက သေနတ်တော့မပါဘူး။”

ဖမ်းမိသူတွေကို ရဲစခန်းပို့လိုက်ပြီး ဓားပြတိုက်ခံရတဲ့ပစ္စည်းတွေလည်း ပြန်ရရှိခဲ့တယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။ 

ပြီးခဲ့တဲ့ ဩဂုတ်လ ၃၀ ရက်က တမူးမြို့ ပဒေသာစားသောက်ဆိုင်အနီးရှိ အိမ်ဆိုင်ကို သေနတ်ဖောက် ဓားပြတိုက်တုန်းက ပါသွားတဲ့ ဆိုင်ကယ် ၂ စီးကိုလည်း အခုဖမ်းမိတဲ့သူတွေဆီက ပြန်တွေ့ရှိခဲ့ပါတယ်။

3 months Ago

May 28, 2022

မြစ်ကြီးနားမြို့လယ်က ဖုန်းအရောင်းဆိုင် ဓားပြတိုက်ခံရ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြို့သစ်ရပ်ကွက်မှာရှိတဲ့ ဖုန်းအရောင်းဆိုင်တဆိုင်ကနေ  ကာလတန်ဖိုး စုစုပေါင်း ကျပ် သိန်း ၃၀၀  လောက်တန်ဖိုးရှိတဲ့   ဖုန်း ၁၈ လုံးလောက် သေနတ်ထောက် ဓားပြတိုက်ခံခဲ့ရတယ်လို့ ဆိုင်ပိုင်ရှင်ထံက သိရပါတယ်။ 

မေ ၂၇ ရက် မနက် ၉ နာရီကျော်က iPhone အမျိုးအစားတွေ ရောင်းတဲ့ “ i Center”  မိုဘိုင်းဖုန်းအရောင်းဆိုင်မှာ ဆိုင်ကယ်ဦးထုပ်ဆောင်းထားတဲ့ အမျိုးသား နှစ်ယောက်က ဆိုင်ကယ်နဲ့ရောက်လာပြီး ပိုင်ရှင်အပြင်သွားနေချိန် ဆိုင်ဝန်ထမ်းဆီက ဓားပြတိုက်ခဲ့တာလို့ ဆိုင်ရှင်က ပြောပါတယ်။

“လူ နှစ်ယောက် ကျနော်နာမည် မေးပြီး လာကြတာ။ ဆိုင်က ကောင်လေးက ကျနော်အသိလို့ ထင်ပြီး ဖုန်းတွေ ထုတ်ပြတယ်။ နောက်တော့ ကောင်လေးကို တိပ်တွေနဲ့ လက်ကို ပတ်ပြီး ဆိုင်နောက်မှာ ထားထားတယ်။ ပါလာတဲ့နောက်တယောက်က ကျောပိုးအိတ်ထဲ ဖုန်းတွေ အကုန်ထည့်ပြီး ယူသွားတာ။ သေနတ်က‌တော့ ပစ္စည်တို အစစ်လို့ ယူဆရတာပဲ။ ဆိုင်က CCTV ကလည်း ပျက်နေတာ။ ဝန်ထမ်းတွေက ပုံမှန်ဆို ၃ ယောက်လောက်ရှိတာ။ အခု ရဲစခန်းမှာ တိုက်ချက်ဖွင့်ထားတယ်။”

မေ ၂၆ ရက်မနက်ကလည်း မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်မှာ အမျိုးသား တယောက် ဆိုင်ကယ် လုယက်ခံရပြီး လည်ပင်း ဓားထိုးခံရကာ သေဆုံးသွားခဲ့ပြီး မတ် ၂၄ ရက်ကလည်း ရမ်ပူရပ်ကွက်မှာ သံတိုသံစလိုက်ဝယ်တဲ့ အမျိုးသမီး တယောက်ကို လုယက်ရာမှ ဓားနဲ့ထိုးခဲ့လို့ သေဆုံးခဲ့တယ်လို့ ရပ်ကွက်ဒေသခံတွေက ပြောပါတယ်။

7 months Ago
More News
Up