ဓားထိုးမှု

May 28, 2019

တိုကျိုမြို့ပြင် ဘတ်စ်ကားဂိတ်တခုတွင် ဓားထိုးမှုဖြစ်၊ ကျောင်းသူလေးတဦး သေဆုံး

ဂျပန်နိုင်ငံ တိုကျိုမြို့ပြင်က ဘတ်စ်ကားဂိတ်တခုမှာ မေလ ၂၈ ရက်က ဓားထိုးမှုတခု ဖြစ်ပွားပြီး ကျောင်းသူလေးတယောက် သေဆုံးကာ ကလေးငယ် ၁၂ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်ကို ကိုးကားပြီး နိုင်ငံပိုင်ရုပ်သံ NHK သတင်းဌာနက ဖော်ပြပါတယ်။ လူကြီး ၃ ယောက်လည်း ဒဏ်ရာရခဲ့ပေမယ့် အဲဒီထဲက တယောက်ကတော့ စိုးရိမ်စရာ မရှိဘူးလို့ NHK က ပြောပါတယ်။ တိုကျိုမြို့ တောင်ဘက်က ကာဝါဆာကီမြို့မှာ အသက် ၆ နှစ်ကနေ ၇ နှစ်အရွယ်ရှိတဲ့ ကျောင်းသူလေးတွေ ကျောင်းကားစောင့်နေတဲ့ ဘတ်စ်ကားဂိတ်မှာ အခုလို ဓားထိုးမှု ဖြစ်ခဲ့တာပါ။ ဓားထိုးမှုနဲ့ပတ်သက်တဲ့ သံသယရှိသူ အမျိုးသားဟာ အဲဒီနေရာမှာပဲ အဖမ်းခံရချိန်မှာ သူ့လည်ပင်းသူ ဓားနဲ့ပြန်ထိုးခဲ့ပြီး နောက်ပိုင်းမှာ သေဆုံးသွားတယ်လို့ NHK သတင်းဌာနက ပြောပါတယ်။ လက်ရှိမှာ တိုက်ခိုက်ရတဲ့ အကြောင်းရင်းကို တိတိကျကျ မသိရသေးဘဲ အာဏာပိုင်တွေကတော့ စုံစမ်းစစ်ဆေးတာတွေ ဆက်လုပ်နေပါတယ်။
3 years Ago

September 22, 2018

မုံရွာမြို့တွင် တက္ကသိုလ်ကျောင်းသား ၃ ဦး ဓားထိုးခံရ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်၊ ရေကူးကန်လမ်း၊ ပညာရိပ်မွန် အမျိုးသမီးသမီးဆောင်ရှေ့မှာ စက်တင်ဘာ ၂၁ ရက်နေ့၊ ည ၁၀ နာရီလောက်မှာ တက္ကသိုလ်ကျောင်းသား ၃ ဦးကို လူတဦးက ဓားနဲ့ ထိုးမှုဖြစ်ပွားခဲ့ပါတယ်။ ကျောင်းသားတွေ ဂီတာတီး သီးချင်းဆိုနေရာကို  ထွန်းအေး (ခေါ်) အဲနော်ဆိုသူ ရောက်လာပြီး “မင်းတို့ ငါ့ကိုဆဲသွားတာလား” လို့ ပြောရာမှ စကားများရန်ဖြစ်ပြီး  ထွန်းအေးက အသင့်ပါလာတဲ့ အရိုးအသွား ၁၀ လက်မလောက်ရှိ ဓားဦးချွန်နဲ့ ထိုးခဲ့တာလို့ ရဲတပ်ဖွဲ့တဦးက ပြောပါတယ်။ ဓားထိုးမှုကြောင့် ဘူမိဗေဒ တတိယနှစ်ကျောင်းသား နေထူးအောင် (၂၃) နှစ်နဲ့ ဘူမိဗေဒနောက်ဆုံးနှစ်ကျောင်းသား စန်းသော် (၂၁) နှစ်တို့ စိုးရိမ်ရဒဏ်ရာနဲ့ ပထ၀ီဒုတိယနှစ်ကျောင်းသား အောင်မြင့်ပို မစိုးရိမ်ရ ဒဏ်ရာတွေ အသီးသီးရရှိခဲ့ပြီး ဂရုဏာမြင့်မိုရ် လူမှုကူညီရေးအသင်းကားနဲ့ မုံရွာ ကုတင် ၅၀၀ ဆေးရုံးကြီးကို ပို့ဆောင်ကာ ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။ လျှပ်စစ်ပြုပြင်ရေးလုပ်ငန်းလုပ်ကိုင်တဲ့ ဓားနဲ့ထိုးသူ အသက် ၂၇ နှစ်အရွယ် ထွန်းအေးကို စက်တင်ဘာလ ၂၂ ရက်နေ့ မနက်ပိုင်းက ချမ်းမြဝတီရပ်ကွက်က နေအိမ်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မုံရွာ နယ်မြေရဲစခန်းက ပ ၃၃၇/၂၀၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၂၆ အရ အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။ အခုရက်ပိုင်းက တက္ကသိုလ်စာမေးပွဲတွေ ဖြေဆိုနေချိန်လည်းဖြစ်ပါတယ်။
3 years Ago
More News
Up