ဓားထိုး

August 22, 2018

အကြွေးလာတောင်းသည့် ညီအစ်မ ၂ ဦး ဓားထိုးခံရ၊ ၁ ဦး သေဆုံး

တောင်​ကြီးမြို့နယ်​ ရွှေညောင်မြို့ ရွှေဘုံသာရပ်ကွက်မှာ  သြဂုတ် ၂၀ ရက်နေ့က အကြွေးတောင်းရာက စကားများရန်ဖြစ်ပြီး လူသတ်​မှုဖြစ်​ပွားခဲ့​တယ်လို့ ရှမ်းပြည်​နယ်​ ရဲတပ်​ဖွဲ့က ပြောပါတယ်။ တောင်​ကြီးမြို့နယ်​ ရွှေညောင်အနောက်မြောက်ဘက် ၂ ဖာလုံအကွာ သပြေလမ်းဆုံမှာ နေထိုင်တဲ့ မရီရီသန့်နဲ့ မအေးအေးသန့်တို့ ညီအစ်မက ​ရွှေ​ညောင်​မြို့ ရွှေဘုံသာရပ်ကွက်​နေထိုင်သူ သိန်းဇော်လတ်ထံ အကြွေးလာတောင်းစဉ် စကားများ ရန်ဖြစ်ပြီး သိန်းဇော်လတ်က ညီအစ်မနှစ်ဦးအား ဓားနဲ့ထိုးတာကြောင့် ၁ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ ​ပြစ်​မှုကျူးလွန်​သူ သိန်းဇော်လတ်ကို ရွှေညောင်ရဲတပ်ဖွဲ့က သြဂုတ် ၂၀ ရက်နေ့မှာ ချက်​ချင်း ဖမ်းဆီးပြီး အ​ရေးယူထား​တယ်လို့ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ရုံးမှ တာဝန်ရှိသူတဦးက ပြောပါတယ်။ “ပထမကတော့ ၃၂၆ နာကျင်စေမှုနဲ့ပဲ အရေးယူထားပေမယ့် ဆေးရုံရောက်ပြီး ​သေဆုံးသွားတော့ ပုဒ်မ ၃၀၂ လူသတ်မှုနဲ့ပြန်ပြီး အရေးယူထားတယ်။” ဒဏ်ရာရရှိသူ မရီရီသန့်နဲ့ မအေးအေးသန့်တို့ကို တောင်ကြီးမြို့ စ၀်စံထွန်းဆေးရုံကို ပို့​ဆောင်​ကုသစဉ် အစ်မဖြစ်သူ မရီရီသန့်က သေဆုံးခဲ့တယ်လို့ သိရပါတယ်။ သတင်းနှင့်ဓာတ်ပုံ - ခွန်ရာဇာ
5 years Ago
Up