ဓားထိုး တိုက်ခိုက်မှု

February 3, 2020

ဓားဖြင့်တိုက်ခိုက်မှု ကျူးလွန်ခဲ့သူအကြောင်း ဗြိတိန်ရဲ ထုတ်ဖော်

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်တောင်ပိုင်းက ဓားထိုး တိုက်ခိုက်မှုအတွက် သံသယရှိသူဟာ ဆူဒက်ရှ်အမ်မန်ဆိုသူဖြစ်ပြီး အစ္စလာမစ် စစ်သွေးကြွတွေနဲ့ ပတ်သက်တဲ့ အကြမ်းဖက် လုပ်ရပ်တွေအတွက် ထောင်ဒဏ်ကျခံအပြီး မကြာသေးမီက ပြန်လွတ်လာသူ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ က ရိုက်တာသတင်းဌာနကို ဖေဖော်ဝါရီ ၂ ရက်မှာ ပြောပါတယ်။ မြို့တော်ရဲဌာန ဒုလက်ထောက်ကော်မရှင်နာ လူစီဒီအော်စီက ဒီတိုက်ခိုက်မှုဟာ တကိုယ်တော် ကျူးလွန်မှုလို့ ယုံကြည်ကြောင်း ပြောပါတယ်။ လန်ဒန်တောင်ပိုင်းက လူစည်ကားတဲ့ လမ်းပေါ်မှာ လူ ၂ ယောက်ကို ဓားနဲ့ထိုးပြီး တိုက်ခိုက်သူကို ရဲတွေက အသေပစ်သတ်ခဲ့ပါတယ်။ ဒီလုပ်ရပ်ဟာ အစ္စလာမ္မစ် သူပုန်ထမှုနဲ့ပတ်သက်တဲ့ အကြမ်းဖက် တိုက်ခိုက်မှုလို့ ယုံကြည်ကြောင်း အရာရှိတွေက ရည်ညွှန်း ပြောဆိုခဲ့ပါတယ်။ နိုဝင်ဘာလကလည်း လန်ဒန်မှာ အမျိုးသားတယောက်က အသေခံဗုံးခွဲဝတ်စုံအတုကို ဝတ်ရင်း လူ ၂ ယောက်ကို ဓားနဲ့ အသေထိုးသတ်ပြီး တခြားလူ ၃ ယောက်ထက်မနည်းကို ဒဏ်ရာရအောင် လုပ်ခဲ့လို့ ရဲတွေက အသေပစ်ခတ် ဖမ်းဆီးခဲ့ပါတယ်။ အဲဒီလူဟာ အစ္စလာမ္မစ် စစ်သွေးကြွတွေကို စာနာပြီး အကြမ်းဖက်မှုနဲ့ ထောင်ကျခံရပြီးမှ စောလွတ်လာတဲ့ သူလို့  ရိုက်တာသတင်းဌာနက အစီရင်ခံပါတယ်။
1 year Ago
Up