ဓားထိုးအသတ်ခံရ

December 29, 2021

မလေးရှားနိုင်ငံတွင် မြန်မာအမျိုးသား ၁ ဦး ဓားထိုးအသတ်ခံရ

မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ်၊ ဆီနိုင်မြို့ရှိ တာမန်ဆိုင်းယင့်တက်ခ်စ်နယ်မြေမှာ ဒီဇင်ဘာ ၂၅ ရက်က ဖြစ်ပွားခဲ့တဲ့ အလုပ်သမား ဘော်ဒါဆောင် ရန်ပွဲမှာ ပါဝင်ပတ်သက်တယ်လို့ ယူဆရတဲ့ မြန်မာအမျိုးသားတယောက်  ဓားနဲ့ ထိုးသတ်ခံခဲ့ရတယ်လို့  Malaymail သတင်းမှာ ဖော်ပြပါတယ်။

ည ၉ နာရီလောက်မှာ အခင်းဖြစ်ပွားခဲ့ပြီး ရဲတွေ ရောက်ရှိချိန်မှာ အသက် ၂၅ နှစ်အရွယ် မြန်မာ အမျိုးသားကို ထိုင်လျက်အနေအထား ဓားဒဏ်ရာ ၄ ချက်နဲ့ သွေးတွေရွှဲနေတဲ့အလောင်းကို တွေ့ရှိခဲ့တယ်လို့ ကုလိုင်ခရိုင်ရဲမှူး တော့က်ဘန်ယိုးက ပြောပါတယ်။

အလုပ်သမားကြီးကြပ်ရေးမှူးက ရန်ပွဲနဲ့ပတ်သက်ပြီး မြန်မာအလုပ်သမားတယောက်ဆီကနေ ဖုန်းလက်ခံရရှိပြီးနောက် ရဲကို ဖုန်းဆက်တယ်လို့ ခရိုင်ရဲမှူး တော့က်က ပြောပါတယ်။

တရားခံနဲ့သံသယရှိသူ နှစ်ဦးစလုံးဟာ အရက်သောက်ထားကြပြီး ရန်မဖြစ်ခင်မှာပဲ အတော်မူးနေကြပြီလို့ ကနဦးစုံစမ်းမှုအပေါ် အခြေခံပြီး ပြောပါတယ်။

အခင်းဖြစ်တဲ့နေရာကို ရဲတွေ  ရောက်တဲ့အခါမှာ လူသေဆုံးနေတာ တွေ့ရှိခဲ့ရပြီး ရဲတပ်ဖွဲ့က စစ်ဆေးချက်အရ သေဆုံးသူရဲ့ ရင်ဘတ်နဲ့ နံရိုးတွေမှာ ဓားဒဏ်ရာတွေ တွေ့ရှိခဲ့ရကြောင်းနဲ့ တရားခံကို ဓားနဲ့ထိုးဖို့ အသုံးပြုတယ်လို့ ယူဆရတဲ့ ဓားတစ်ချောင်းကိုလည်း ရဲတွေက တွေ့ရှိခဲ့ပါတယ် လို့ ဒီကနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရဲတပ်ဖွဲ့ဟာ စုံစမ်းစစ်ဆေးမှုမှာ အထောက်အကူရမယ့် ပစ္စည်းအများအပြားကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ပြောပါတယ်။ ရဲတပ်ဖွဲ့က သေဆုံးသူရဲ့ရုပ်အလောင်းကို Sultanah Aminah ဆေးရုံကိုပို့ဆောင်ပြီး ခွဲစိပ်စစ်ဆေးခဲ့ပါတယ်။

ဒီဇင်ဘာ ၂၇ ရက်မှာ မြို့တွင်းနဲ့ မလက္ကာမြို့တဝိုက်တို့ကို ၂ ကြိမ်စီးနင်းမှု လုပ်ခဲ့ကြောင်းလည်း ကူလိုင်ခရိုင်ရဲမှူး တော့က် က ပြောဆိုပါတယ်။ 

အဲ့ဒီစီးနင်းမှုအတွင်း အသက် ၂၀ မှ ၄၃ နှစ်ကြား မြန်မာနိုင်ငံသား ၅ ယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးချုပ်ထားပြီး  ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အပြစ်ထင်ရှားကြောင်း တွေ့ရှိရရင် သေဒဏ်ပေးဖို့လည်း စုံစမ်းစစ်ဆေးနေပါတယ်လို့ ဆိုပါတယ်။ 

ကိုးကား- Malaymail 

4 weeks Ago

August 18, 2021

မတ္တရာမြို့နယ်တွင် ရွာသား ၁ ဦး ဓားထိုးအသတ်ခံရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ ကျောက်ဆည်လေးရွာသား အမျိုးသား ၁ ယောက် ဩဂုတ်လ ၁၇ ရက်က ဓားနဲ့အထိုးခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူဟာ အသက် ၃၇ နှစ်အရွယ် ကျောက်ဆည်လေးရွာသား ကိုမှတ်ဦး ဖြစ်ပြီး  မနေ့ မွန်းလွဲပိုင်းက ကျောက်ဆည်လေးနဲ့ ကင်းရွာကြားမှာ အသတ်ခံရကာ ပွဲချင်းပြီး သေသွားတာလို့ ရွာသားတစ်ဦးက ပြောပါတယ်။

“သူက သဖန်းကုန်းရွာက အပွင့်ဒလန်လို့ လူသိများတဲ့ ဖိုးခိုင်နဲ့ အဆက်အသွယ်ရှိတယ်။ ဖိုးခိုင်ကတော့ အခု မတ္တရာက စစ် (--) တွေဆီမှာ ထမင်းချက်လုပ်နေတယ်။ မှတ်ဦး သေပြီးနောက်မှာ မတ္တရာက ရဲတွေ အိမ်စီးကားနဲ့ ရောက်လာတယ်။ ကျောက်တံတားရွာက နာရေးကားလည်း ရောက်လာတယ်။”

အခုအချိန်အထိတော့ ကိုမှတ်ဦးကို ဘယ်သူက ဘာကြောင့် ဓားနဲ့ထိုးတယ်ဆိုတာမသိရသေးသလို စုံစမ်းစစ်ဆေးတဲ့ အခြေအနေ အသေးစိတ်ကိုလည်း မသိရသေးပါဘူး။

5 months Ago
More News
Up