ဓားကိုင်ရမ်းကား

August 1, 2017

လမ်းမပေါ် ကား ၂ စီးကြား ဓားကိုင်ရမ်းကားသူကို ရဲ စုံစမ်းစစ်ဆေး (ရုပ်သံ)

ထိုင်းနိုင်ငံရဲ့ လမ်းမကြီးတခုပေါ်မှာ ကား ၂ စီးကြား ဓားကိုင်သောင်းကျန်း ရန်ပွဲဖြစ်ခဲ့ပြီး ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့ အကြောင်းရင်းကို ရဲတွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ Vios အမျိုးအစား ကားတစင်းနဲ့ တခြားကားတစင်းဟာ လမ်းမအလယ်မှာ ရပ်နေခဲ့ကြကာ အပြန်အလှန် အချေအတင် အော်ဟစ် စကားများနေခဲ့ကြတာကို တွေ့ရပါတယ်။ Vios ကားမှ ယာဉ်မောင်းအမျိုးသားက ကားပေါ်ကဆင်းပြီး ဘေးက ကားအနီးမှာ ဒေါသတကြီး အော်ဟစ်ပြောဆိုနေခဲ့တာပါ။ ဒီအဖြစ်အပျက်ဟာ ချောင်ဘူရီခရိုင်၊ ဆီသကစ်လမ်းမပေါ်မှာ ဖြစ်ခဲ့ပြီး လမ်းကို ပိတ်ဆို့ထားခဲ့သလို ဖြစ်နေခဲ့တာပါ။ Vios ကားမှ ယာဉ်မောင်းအမျိုးသားက သူ့ကားထဲက ဓားရှည်တလက်ဆွဲထုတ်ပြီး ဝှေ့ယမ်းခုတ်ကာ တိုက်ခိုက်ဖို့ ကြိုးစားခဲ့ချိန်မှာတော့ နောက်ကားက မောင်းနှင်ထွက်ပြေးသွားတာကို တွေ့ရပါတယ်။ ဒီအဖြစ်အပျက်ကို နောက်ကမောင်းနှင်လာတဲ့ ကားပေါ်ကတဆင့် မိုဘိုင်းဖုန်းနဲ့ ရိုက်ယူထားနိုင်ခဲ့တာပါ။ လက်ရှိမှာတော့ ရဲတွေက ဒါကို စုံစမ်းစစ်ဆေးနေကြပြီး ဒါဟာ လမ်းမပေါ်က ရမ်းကားမှုတခုဖြစ်တယ်လို့ ချောင်ဘူရီခရိုင်ရဲတပ်ဖွဲ့က ပြောပါတယ်။
4 years Ago
Up